လွမ်းသူ့ခြေရာ

ဒီခြေရာလေးတွေကတော့ ကျွန်တော်သေသွားတောင် ကျန်နေခဲ့ဦးမှာပါ

Feb
28

လွမ်းမိပါတယ် ချယ်ရီမြေရယ်

Posted by NayMyo

ကျွန်တော် ဒီပို့စ်လေးကိုရေးဖြစ်သွားတာတော့ တစ်နေ့က ကျွန်တော်တို့ အပေါင်းအသင်းတွေ အချင်းချင်း ငြင်းခုန်ကျရင်းကနေ စတယ်ဆိုပါတော့။ မေမြို့သား သူငယ်ချင်းက ပြောတာလေးကို စကားဝင်ထောက်ကျရင်းဆိုပါတော့။ သူက သူတို့မြို့မှာ နှစ် ၁၀၀ ၀ိုင် ရှိတယ်ဆိုလို့ပါ။ မေမြို့ နှစ် ၁၀၀ ပြည့်တာကမှ ဘာလောက်မှကို မကြာသေးဘူး နှစ် ၁၀၀ ၀ိုင်ဆိုလို့ ၀ိုင်းကန့်ကွက်ကြလိုက်သေးတယ် ဗျ။ ကျွန်တော်တို့လည်း ဒီလိုတစ်ယောက်နဲ့ တစ်ယောက် စကားနိုင်လုနေကြဆိုတော့ ဒီလိုပဲ မနိုင်နိုင်အောင်ပြောတာပေါ့ ဗျာ။ ဘယ်မှာလဲ အထောက်အထားတွေ ၊ ဒါဆို အဲ့ဒီ ၀ိုင် စိမ်ထားတဲ့ စည်တွေ ဘယ်မှာလည်း ၊ အဲ့ဒီဆိုင်က ရော လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်ကတည်းက အဲ့ဒီမှာရှိနေတာလား စသည်ဖြင့်ပေါ့ ဗျာ။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ ဒီတစ်ခါတော့ နိုင်လိုက်တယ်ပေါ့ ဗျာ။ ဒါကတော့ ဘော်ဒါတွေ စုမိတိုင်း topic တစ်ခုကို တင်ပြီးတော့ ငြင်းခုန်စကားနိုင်လုနေတတ်တဲ့ ကျွန်တော်တို့ အကျင့်လေးတွေ ဆိုပါတော့။ အဲ့လိုပြောလိုက်ရရင်လေ စိတ်တွေ ပေါ့ပါးသွားတတ်လို့ အဲ့လိုပဲ ပြောဖြစ်ကြတယ် ဗျာ။ ကဲ…. အဲ့ဒီလိုနဲ့ပေါ့ ကျွန်တော့ အတွေးတွေလည်း လေနဲ့ အတူ အဲ့ဒီတောင်ပေါ် အပန်းဖြေစခန်းမြို့လေးကို ရောက်ရှိသွားခဲ့တယ်ဆိုပါတော့ ဗျာ။

အဲ့ဒီမြို့လေးက ချစ်ဖို့ကောင်းတဲ့ နေရာလေး ပါ။ နေချင်စဖွယ် နေရာလေး တစ်ခုလို့ဆိုရင် ဘယ်သူကမှ ကန့်ကွက်လိမ့်မယ်တော့ မထင်ပါဘူး။ ကျွန်တော်လေ အဲ့ဒီမြို့လေးကို ၁၀ တန်းတက်မယ့် နှစ် နွေရာသီမှာ မိသားစု နဲ့ အတူအလည်ရောက်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ တအားကို ပျော်ခဲ့ပါတယ်။ မြို့လေးက ချစ်ဖို့ကောင်းပါတယ်။ ပွဲကောက်ရေတံခွန် ၊ ပိတ်ချင်းမြောင် နှင့် အမျိုးသားကန်တော်ကြီး ဥယျာဉ် တွေကို လည်ပတ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက မဟာအံ့ထူးကံသာ ဘုရားကြီးကတော့ ယခုလို ကုန်းတော်ပေါ်မယ် မဟုတ်သေးပါဘူး။ ကျွန်တော်လေ အဲ့ဒီမြို့မှာ ရထားလုံး စီးခဲ့ရတာလေးကို နှစ်သက်မိခဲ့ပါတယ်။ ကျွန်တော်တို့ မိသားစု (၃) ရက်လောက် လည်ပတ်နေထိုင်ပြီးတော့ ဇာတိမြို့လေးကို ပြန်ခဲ့တယ်ဆိုပါတော့ဗျာ။ ဒါပေမယ့် ကျွန်တော့စိတ်ထဲမှာလေ ဒီမြို့လေးကို စိတ်ဆွဲမိခဲ့ပြီး နောက်တစ်ကြိမ်များ ပြန်ရောက်ခဲ့ရင်တော့ အကောင်းသားဟု တွေးတောမိခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော် တစ်နေ့ကျတော့လေ ကျွန်တော့ အိပ်မက်လေး အကောင်အထည်ပေါ်လာခဲ့တယ်ဆိုပါတော့ ဗျာ။ ကျွန်တော်လေ အရင် (၃) ရက်လောက်ပဲနေထိုင် ခဲ့ရလို့ အားမရဖြစ်နေတာတွေ အတွက်အစားထိုးပေးလိုက်သလား ထင်ရလောက်အောင်ကို လေ ကျွန်တော်အဲဒီမြို့လေး မှာ နှစ် အတန်ကြာကို နေထိုင်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဒုတိယ အကြိမ်မြောက် ချယ်ရီမြေကို ခြေချဖို့ ရောက်လာတုန်းကပေါ့ ဗျာ။၂၀၀၁ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ပေါ့။ ကျွန်တော် မှတ်မိပါသေးတယ်။ ကျွန်တော့ ဦးလေးက van ကားလေးနဲ့ လိုက်ပို့ပါတယ်။ အဲ့ဒီနေ့က ရာသီဥတုကလည်း သာယာပြီး ကောင်းကင်ကြီးကလည်း ပြာလဲ့လဲ့ နဲ့ပေါ့ ဗျာ။ ဆောင်းအကုန် နွေအကူး ကာလ တကယ့်အချိန်ကောင်းလေး ပေါ့ဗျာ။ အိမ်က နေခွဲပြီး တာဝန်ကျရာကို အရောက်သွးနေရတဲ့ ခရီးစဉ်လေးမှာ မန္တလေး ကနေစထွက်ကတည်းက အတွေးတွေကို လေလွှင့်နေလိုက်မိတယ်။ကားစီးနေရင်းကနေအေးမြတဲ့လေလေး တစ်ချက် ကျွန်တော့ကို ရိုက်ခတ်သွားခဲ့ပါတယ်။ ကျွန်တော့ အတွေးတွေက သြော် ၂၁ မိုင်တောင် ရောက်နေပါရော့လား ဟုတွေးတောမိလိုက်ပါတယ်။ ဒီလိုနဲ့ ကျွန်တော် တောင်လှေကားထစ်လေးတွေကို တဖြည်းဖြည်း ဖြတ်ကျော်လာခဲ့ပါတယ်။ ကျွန်တော် တအားကို ပြန်ရောက်ချင်ခဲ့တဲ့ နေရာဒေသလေးက

နှုတ်ခွန်းဆက်ရင်း စောင့်နေလေရဲ့။ သြော် သူက မင်းမရောက်တာအတော်ကြာသွားပေါ့။ နေကောင်းရဲ့လားတဲ့။ မင်းပြန်ရောက်လာမယ်ဆိုတာကို ငါသိနေပါတယ်တဲ့။ ကျွန်တော် ပြုံးပြ နှုတ်ဆက်လိုက်မိပါသည်။ ကျွန်တော်တို့ ရှေ့ဆက်လာခဲ့ကြတယ်လေ။ ဒီလိုနဲ့ ပဲ ကျွန်တော်နေထိုင်ရမယ့် နေရာလေးကို ရောက်ရှိသွားခဲ့ပြီး ကျွန်တော် နေဖို့ ထိုင်ဖို့ ပြင်ဆင်ပြီးတော့ အနားယူပစ်လိုက်တယ် ဗျာ။ ကျွန်တော် ဒီတစ်ခါ ပြန်ရောက်လာတော့ တော်တော်လေးကို ပြောင်းလဲသွာခဲ့ပါပြီ။ အထူးသဖြင့် အမျိုးသားကန်တော်ကြီး ဥယျာဉ် ပေါ့။ ပိုပြီးတော့ လှပသာယာ လို့နေပါတယ်။ အဲ့ဒီ ဥယျာဉ်ကြီး ထဲရောက်သွားခဲ့ရင် သာယာလှပလွန်းလို့ ကျွန်တော် အားရင်အားသလို အနားသွားယူလေ့ ရှိပါတယ်။ ပန်းခြံကြီးထဲမှာလည်း ပျော်ပွဲစားထွက်လာတဲ့သူတွေ နိုင်ငံခြားသားတွေ ဒေသခံတွေနဲ့ စည်ကားလျှက် ပေါ့။ ကျွန်တော် ရေကန်နားမှာ ငှက်ကြီး နဲ့ ဓာတ်ပုံ ရိုက်တုန်းက အဲ့ ငှက် ဆိတ်လို့ ဓာတ်ပုံတောင်အရိုက်မခံ နိုင်ပဲပြေးရတာလည်း အမှတ်တရလေးတွေပဲပေါ့ ဗျာ။ ကျွန်တော် အဲ့ဒီနေရာလေးက ပြောင်းလာရတော့မယ့် အချိန်တုန်းကတော့ ကန်တော်ကြီး မျှော်စင်ကြီးတော့ ပြီးသွားပြီ ဗျ။ အဲ့ဒီ မျှော်စင်ကြီး ပေါ်ကနေ လေညင်းခံရတဲ့ အရသားကတော့ တစ်မျိုးလေးပဲ ဗျာ။ ပြီးတော့ နာမည်ကြီးနေရာလေးတွေ ဖြစ်တဲ့ မဟာ အံ့ထူးကံသာဘုရားကြီး။ ဘုရားကြီး ခြေရင်းတော်အောက်ကို ဆင်းလိုက်ရင် ပွဲကောက်ရေတံခွန်။ အဲ့ဒီ ကနေ ပြန်တက်လာပြီးတော့ ပြင်ဦးလွင် - လားရှိုး ကားလမ်း အတိုင်းဆက်သွားမယ်ဆိုရင် ပိတ်ချင်းမြောင်လိုဏ်ဂူ ဘက်ကိုဆက်သွားနိုင်ပါတယ်။ ကျွန်တော်လည်း ကျွန်တော်နှစ်သက်တဲ့ နေရာဒေသလေးမှာနေရတုန်း အလည်ခရီးတွေကို အားရင်အားသလို သွားရောက်လည်ပတ်ဖြစ်ပါတယ်။ တစ်နေ့ပေါ့ ကကျွန်တော် ဘုရားကြီး ကိုအရောက်သွားဖူးခဲ့ပါသေးတယ်။ ဘုရားကြီးကိုသွားတဲ့လမ်းမှာ တပ်မတော်နည်းပညာတက္ကသိုလ် ကြီး ကလည်း ခန့်ခန့်ထည်ထည်ကြီးပေါ့ ဗျာ။ ဘုရားကြီး ရောက်တော့ ဘုရား ရှိခိုး ဆုတောင်းပေါ့ ဗျာ။ အထူးသဖြင့် အခါကြီးရက်ကြီးနေ့တွေမှာဆို ဒေသခံတွေသာမက မန္တလေး ဧည့်သည်တွေပါ လာရောက်ဖူးမျှော်ကြလို့ အဲ့လိုနေ့တွေ ဆို ဘုရားဖူး ဧည့်သည်တွေနဲ့ ပြည့်လျှံနေတတ်ပါတယ်။ ကျွန်တော် က ပွဲကောက်နဲ့ ပိတ်ချင်းမြောင် ဘက်တွေကို သိပ်မရောက်ဖြစ်ခဲ့ပါ ဘူး။ ၎င်းနေရာလေးတွေ ကတော့ အားလုံးသိကြတဲ့ အတိုင်း လည်ပတ်တဲ့သူတွေနဲ့ စည်ကားနေတဲ့နေရာလေးတွေပါပဲ။ အထူးသဖြင့် နွေရာသီကာလ ၊ သင်္ကြန် ဆို  ပိုလို့တောင် စည်ကားပါသေးတယ်။ ပြီးတော့ လူမျိုးကလည်း အစုံပါပဲ။ ရှမ်းမလေးတွေကတော့ အချောသား ဗျ။ စိမ့်စမ်း ဘော်ဒါဆောင်ရှေ့က ပေါက်စီဆိုင်လေးကတော့ ကျွန်တော်စားနေကျ ပေါက်စီဆိုင်လေးပေါ့။ ကျွန်တော် စားနေကျ ရှမ်းခေါက်ဆွဲဆိုင် နာမည်ကတော့ မေ့နေတယ် ဗျာ။ ရွှေမန်းမေ ကားဂိတ်နားကဆိုင်လေးပါ။ ပြင်ဦးလွင် ညဈေးလေးကလည်း စည်ကားပါရဲ့။ အထူးသဖြင့် စနေ ၊ တနင်္ဂနွေနေ့ တွေ အပန်းဖြေခရီးသည်တွေ ၊ ကျောင်းသား/သူ တွေ ၊ ဗိုလ်လောင်းတွေ ၊ ဒေသခံတွေ နဲ့ စည်ကားလှပါတယ်။  ပြင်ဦးလွင် ဆွယ်တာကလည်း နာမည်ကြီးပြီးတော့ ဈေးချိုလှပါတယ်။ ဈေး နားက ဇင်ယော် အအေးဆိုင်လေး ကတော့ ကျွန်တော် စတော်ဘယ်ရီသီးဖျော်ရည် သောက်နေကျ ဆိုင်လေးပေါ့။ စပဲရိုး မှာ ကြက်ဆီထမင်းစားခဲ့တာလေးတွေကိုလည်း သတိရနေမိပါတယ်။ ချယ်ရီတွေ ပွင့်တဲ့ အချိန်များဆို အဲ့ဒီ ချယ်ရီပန်းလေးတွေ ကြောင့် လှချင်တိုင်းကိုလှပနေလိုက်တာ ဗျာ။ ကျွန်တော်လည်း အဲ့ဒီနေရာလေး မှာ နှစ်အတန်ကြာနေထိုင်ခဲ့ရပြီး သံယောဇဉ် တွေ ဖြစ်နေမိပါတယ် ဗျာ။ ကျွန်တော်လည်း နောက်တော့ တစ်ခြားတစ်မြို့ကို ပြောင်းလိုက်ရပါတယ် ဗျာ။ အခုဆို ကျွန်တော် ချယ်ရီမြေ ကို မရောက်ဖြစ်တာ ၃ နှစ် ကျော်သွားပြီလေ။ အခုဆို ဘယ်လောက်တောင်ပြောင်းလဲ လှပနေလိုက်မလဲ တော့ မသိပါဘူးဗျာ။ ကျွန်တော် အဲ့ဒီမှာ နေထိုင် လှုပ်ရှားခဲ့တာလေးတွေကတော့ ယနေ့တိုင် အမှတ်ရနေပြီး မနေ့ တစ်နေ့ကလိုပါပဲ။ ကျွန်တော်လည်း တစ်နေ့နေ့တော့ အရောက်သွားဖြစ်ဦးမယ်ထင်ပါတယ်။ အခွင့်အရေးလေး ရခဲ့ရင်ပေါ့ ဗျာ။ အကယ်၍ အခွင့်အရေးကြုံလို့ တတိယ အကြိမ်များ ရောက်သွားခဲ့ရင်လေ ကျွန်တော်တွေးနေမိတယ်။ အရင်လိုပဲ အပြုံးတွေနဲ့ နွေးထွေးစွာ ကြိုဆိုနေပါ့ဦးမလား ။ ကျွန်တော်လည်း သူစိမ်းတစ်ယောက်လိုဖြစ်နေမှာတော့ သေချာတယ် ဗျာ။

Feb
23

သတိရလွန်းလို့ပါ

Posted by NayMyo

- ဒါကတော့ ကျွန်တော့ သူငယ်ချင်းများကို သတိရလွန်းလို့ ရေးဖြစ်သွားတာပါ……..
- ကျွန်တော်တို့ လွှတ်လွှတ် လပ်လပ် ပျော်ပျော် ပါးပါး ပျော်ခဲ့ ဖူးတဲ့ တန်ဆောင်တိုင် ညလေး တစ်ညကပေါ့ ဗျာ……..
- အရင် ကဆို အိမ်က ကျွန်တော့ကို (၁၀)တန်း မအောင်သေးလို့ အပြင်ထွက်ခွင့် မပေးဘူးလေ……..
- အဲ….. စာမေးပွဲလည်း အောင်ရော ကျွန်တော် လည်း လွှတ်လပ်ရေးရ ခဲ့တယ်ဆိုပါတော့……..
- အဲ့ဒီညက အိမ်ကိုတောင်ပြန်မအိပ်ဖြစ်လိုက်ပဲ … သူငယ်ချင်း တစ်သိုက် ပျော်လိုက် ဖြစ်လိုက်တာ ကိုတော့ အားအရဆုံးပါပဲ…….
- အဲ့ဒီတုန်း က …. ညအစောပိုင်း ကိုတော့ ကောင်မလေး သူငယ်ချင်းတစ်ယောက်ရဲ့ အိမ် မယ် မုန့်လုံးရေပေါ် ၀ိုင်းလုပ်ကြတယ်လေ…….
- စတု ဆိုပါတော့
- သူများတွေ စားဖို့ လည်း လုပ်တယ် ကိုယ်တိုင်လည်း စားကြတယ်ပေါ့……
- အဲ့ဒီတုန်း က ကောင်မလေး က (၇) ယောက် ၊ ကျွန်တော် တို့ က (၆) ယောက်ပေါ့…….
- အဲ့ဒီတုန်းက အဖြစ် အပျက်တွေက မနေ့ တစ်နေ့ ကလိုပါပဲ ဗျာ……
- အခုထိ အမှတ်ရနေဆဲပါ……….
- မုန့်လုံးရေပေါ် လုပ်ရင်း စတိတ် ဘ၀ က ရှေးဟောင်းနှောင်းဖြစ်လေးတွေကို ပြန်ပြေားအောက်မေ့ ကာ စကားဝိုင်းလေးက စည်ကားခဲ့ပါသေးတယ်…….
- ဘယ်သူတွေက ဘာဆက်လုပ်ကြမယ် ၊ ဘယ်သူတွေက ဘယ် ကျောင်းတွေကို ဆက်တက်ကြမယ်ပေါ့ … ဆူညံ နေတာပဲ ( အခုထိကြားယောင်နေ ဆဲပါပဲ)……..
- အဲ့ဒီ စတုဓီသာ ကျွေးပွဲ လည်းပြီးရော မမချောတွေက စတိတ်ရှိုးပွဲ လေး ကြည့်ချင်ပါတယ်ဆိုလို့ ဗျာ ကိုယ်ရံတော် (၆) ယောက်လည်း စိတ်မပါသော်လည်း လိုက်ပို့ ခဲ့ပါသေးတယ်လေ…….
- တောမြို့ လေးက ပွဲဆိုတော့ နာမည် ကမရှိသလို နားထောင် လို့လည်း မကောင်း လှပါ……..
- ဒါပေမယ့် အားပေးသူတွေကတော့ ကြက်ပျံ မကျ ပဲ ဗျို့……..
- ကဲ … ပွဲ ပြီးရော……
- ဂျီကျ သူ လေးများကို အိမ်တိုင်ယာ ရောက် လိုက်ပို့ပြီးတော့ ကျွန်တော်တို့ လုပ်ငန်းက အဲ့ဒီ မှ စတော့တာပဲလေ……..
- အဲ့ဒီလိုညလေး တွေမယ် လူငယ်တွေ ဘာလုပ်ကြတယ်ဆိုတာကိုတော့ ထွေထွေ ထူးထူး ပြောပြနေစရာလိုမယ်တော့မထင်ပါဘူးလေ……
- ညကလည်း တဖြည်းဖြည်း နက်လာတာပေါ့ ……..
- မြို့ထဲ လမ်း နံဘေးမယ်လဲ ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့ နဲ့ ချက်ပြုတ်နေရင်း ၊ သီချင်းတွေ ဆိုသူက ဆို ၊ က သူက ကနဲ့ ပေါ့……..
- ကျွန်တော်တို့ သူငယ်ချင်း တစ်စုလည်း ဟိုသွား ဒီသွားနဲ့ လမ်းမှာတွေ့ သမျှ ပစ္စည်းများကို ဟို ရွှေ့ ဒီရွှေ့ နဲ့ ပေါ့ ( ဟဲဟဲ)……..
- ပန်းအိုးတွေ၊ ရေအိုးစင်တွေ၊ ကွမ်းယာ ဆိုင်တွေလည်း လမ်းမပေါ် ရောက်လိုရောက်နဲ့ပေါ့……..
- အဲ့ဒီတုန်းက ပန်းအိုးတွေကို တွေ့တာနဲ့ သွား ရွှေ့မယ် အလုပ် ပိုင်ရှင်အိပ်နေတာကို မမြင်ပဲသွားလုပ်မိလို့ ပြေးလိုက်ရတာလဲ အမောပဲ ဗျို့……..
- အပြေးကောင်းပေလို့ပေါ့…..
- ဒီလိုနဲ့ လမ်းလျှောက်တာ များလာတော့ ဟိုကောင်က ဆာလာရော……
- တစ်မျိုးတော့ မထင်ကြပါနဲ့ …. ဟီးဟီး ( ဗိုက် ကို ရည်ရွယ်ပါတယ်)……
- ကဲဘာလုပ်ကြမလဲပေါ့……
- ဒါဆို ကြက်ကာလသား ဟင်း ချက်စားကြမယ်ပေါ့…….
- အားလုံက လည်း သိပ်တော့မစားချင်ကြပါဘူး ( ကန့်ကွက်သူကို မရှိ )……..
- ဒါပေမယ့် ကြက်ကတော့ မရှိသေးပေ……
- ဒီလိုနဲ့ ပဲ သူငယ်ချင်း တစ်ယောက်ရဲ့ ဘကြီးအိမ်ကို ချီတက်သွားကြတယ်လေ……..
- အဲ့ဒီအိမ်မယ်က လည်း လူကြီးတွေ တစ်ယောက်မှ မရှိကြဘူးလေ…..
- အိမ်ရောက်တော့ တစ်ယောက်က ထမင်း ချက်လိုက်တယ်……
- အဲ့ဒီ အချိန်မယ် ကျွန်တော် က စမေးလိုက်တယ်လေ…..
(မင်းတို့ က ထမင်းချက်တာတော့ ဟုတ်ပါပြီ ၊ ကြက် က ဘယ်က ရမလဲကွ ၊ ငါတော့ မခိုးရဲ့ဘူး ကွ ၊ ဘယ်လိုလုပ်ကြမလဲပေါ့)
- နောက်တော့ တစ်ယောက် က ပြုံးပြီးတော့ ဓာတ်မီး ထိုးပြ၍ ဟိုမယ်လေကွာ ဆိုပြီးတော့ ပြတယ်လေ…….
- သနား စရာကြက်လေး ခမျာ အိပ်နေရှာတယ်…….
- ဒီလိုနဲ့ အဲ့ဒီ ကြက်ကလေးလည်း ကျွန်တော်တို့ လက်ချက်နဲ့ ဘ၀ပြောင်းသွားရရှာတယ်…….
- စိတ်ထဲတော့ မကောင်းဘူး ဗျ ( ဟီး.. လုပ်တုန်းက တော့ လုပ်ပြီးတော့ ၊ နောင်တပေါ့ )……
- ကျွန်တော်တို့ အတွက် ကြက်ကလေး သေပေးလိုက်ရတာကိုတော့ စိတ်ထဲ မကောင်းပါဘူးလေ ( တကယ် တကယ် )…….
- ဗိုက်လည်း ပြည့် ရော မြို့ ထဲကို နောက်တစ်ပတ်လောက်ပတ် ပြီးတော့လုပ်ချင်တာတွေ အကုန်ကို လုပ်ဖြစ်လိုက်သေးတယ်လေ ( မှတ်ချက်။ မကောင်းမှု များ တစ်ခုမှ မပါပါ )…….
- အဲ့ဒီညကတော့ တစ်ညလုံးကို မအိပ်ဖြစ်ခဲ့ပါဘူး…….
- မနက် မပဲ အိမ်ကိုပြန်ရောက်တော့တယ်…….
- ဒီ အဖြစ် အပျက်လေးတွေဟာ အားလုံးအတွက်တော့ ထူးဆန်းတော အကြောင်းအရာလေးတွေ တော့မဟုတ်ဘူးဆိုတာကို ယုံကြည်ပါတယ်……
- အခု ကျွန်တော်လည်း ကိုယ့်ဇာတိ မြေကိုမရောက်တာ နှစ်နဲ့ချီနေပါပြီ
- ဒီပို့စ်လေးကို ဖတ်တဲ့သူတိုင်း လည်း ငယ်စဉ် ဘ၀က သူငယ်ချင်းများကို ပြန်လည် သတိရအောင့်မေ့ လိမ့်မယ်လို့ မျှော်လင့် မိပါတယ်…….
- ကျွန်တော် မျှော်လင့် သလိုဖြစ်ရင်ပဲ ကျေနပ်ပါတယ်……
- ကျွန်တော့ အရေးအသားမကောင်းတာကိုတော့ ခွင့်လွှတ်ပေးစေချင်ပါတယ်…..

Feb
21

မေမေ့ အတွက်ပါ

Posted by NayMyo

သက်ရှိရယ်လို့ ဖြစ်လာကြတော့ အမေဆိုတာရှိမှကို ဖြစ်မှာပါ။ အဲ့ဒီမှာ ဆရာကြီး ဦးသုခ ပြောခဲ့တဲ့ စကားလေး ကို သွားအမှတ်ရမိပါတယ်။ ဆရာကြီးက “ကမ္ဘာကြီး ကိုအာဒံ နဲ့ ဧ၀ကပဲစတယ်ပဲပြောပြော…  ဗြဟ္မာကြီး ( ၄ ) ပါးကပဲ စတယ်ပဲပြောပြော… လူရယ်လို့ဖြစ်လာခဲ့ရင်တော့ အမေဆိုတာရှိကြတာပဲလေ… အမေဆိုတာနဲ့ လူမျိုး ဘာသာခြားမရွေးကျွန်တော့ စိတ်ထဲမှာတော့ အမေဟာ အမေပါပဲ အမေ…အမေ ကျွန်တော် ပြောလိုက်ရင်လွန်သွားမလား အမေ…ကျွန်တော် သေသေချာချာ စဉ်းစားပြီးတော့ ပြောတာပါ အမေ…ကျွန်တော်မလွန်ပါဘူး… ကျွန်တော်ပြောမယ် အမေ… နားနဲ့ မနာ ဖ၀ါးနဲ့ နာပေးပါ အမေ… အမေ ဟာ ကျွန်တော့ မျက်စိရှေ့မှာတင် မိန်းမရွှင် တစ်ယောက်ဖြစ်နေပါစေ အမေ ဟာအမေပါပဲ အမေ….  ” အဲ့ဒီလို ပြောကြားသွားခဲ့ပါတယ်။ဟုတ်ပါသည် ကျွန်တော်လည်း အပြည့်အ၀ကိုထောက်ခံပါသည်။ ကျွန်တော်သည်လည်း ကျွန်တော့ မေမေကို အမြဲလိုလိုပင်သတိရနေတတ်သလို အားလုံးလည်း ဒီလိုပဲဖြစ်နေလိမ့်မယ်လို့ ယူဆပါသည်။ မိဘတွေ အထူးသဖြင့် အမေအားလုံးတို့သည် သား ၊ သမီး များအတွက် ပင်ပန်းကျရ ၊ စိတ်ပူပင်ရပြုစုပျိုးထောင်ပေးကျနဲ့ပေါ့ သူတို့မှာ မမောနိုင်ကြပါဘူး။ သား ၊ သမီး တွေကတော့ တခါတလေ ဆိုးတတ်ကြပါသည်။ ကျွန်တော်လည်း တစ်ယောက်အပါအ၀င်ပေါ့ ဗျာ။ ကျွန်တော်တို့ ညီအစ်ကို ( ၂ ) ယောက်ရှိပါတယ်။ ကျွန်တော်က သားကြီးပေါ့ဗျာ။ အဲ့ဒီတော့ ကျွန်တော့ကို မေမေက သူ့ရဲ့အားတစ်ခုအဖြစ် အမြဲသတ်မှတ်ပြောဆိုလေ့ ရှိပါတယ်။ ကျွန်တော်လည်း မေမေ့ စကားဆို အမြဲကိုလိုက်နာ လုပ်ကိုင် နေထိုင်ခဲ့ပါတယ်။ မေမေက ကျွန်တော့ကို လေ ကျွန်တော်ကြီးလာလျှင် ဆရာဝန်ကြီးတစ်ယောက်ဖြစ်စေချင်ခဲ့ပါတယ်။ ဘယ်လောက်တောင် ရည်မှန်းချက်ကြီးခဲ့သလဲဆိုရင်ကျွန်တော် စကားစပြောတတ် စကတည်းက “ဒေါက်တာ” ဆိုတဲ့ စကားလုံးကိုရအောင်သင်ကြားပေးခဲ့တဲ့အထိပါပဲ။ ကျွန်တော် ဟိုးငယ်ငယ်တုန်းကပေါ့ ဗျာ… “သားသားကြီးလာရင် ဘာလုပ်မလဲ” ဆိုကျွန်တော်က “ဒေါက်တာ” လို့ပြန်ဖြေတတ်အောင်လေ့ကျင့်ထားပေးခဲ့တာပေါ့ ဗျာ။ ကျွန်တော်လည်း ကျောင်းသား ဘ၀ကို ထိုက်သင့် သလောက်တော့ အားထုတ်ခဲ့ ပါတယ်။  ကျွန်တော်က ဘောလုံး နှင့် ဂိမ်း ကို ခင်တွယ် မိခဲ့တာက စတာပေါ့ ဗျာ။ ကျွန်တော် နောက်ဆို ကျူရှင် ချိန်လေးတွေကိုပါ ပျက်ကွက်ပြီး ကစားတဲ့အထိကို ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ကျောင်းသားတွေ အတွက်အရေးကြီးတဲ့ ( ၁၀ ) တန်းကို ရောက်လာခဲ့ပါတယ်။ ကျွန်တော်က  မကြာခဏဆိုသလို ၀ါသနာလေးကို လက်ကိုမလွှတ်နိုင်ဘူးဖြစ်နေလေတော့ မေမေလည်း စိတ်ဆင်းရဲ ကျွန်တော်လည်း စိတ်ဆင်းရဲ ခဲ့တာတွေကိုအမှတ်ရနေဆဲပါ။ ကျွန်တော်လည်း အဲ့ဒီကာလလေးတွေတုန်းက စာကို  လုပ်ချင်စိတ်မရှိလောက်အောင်ကိုပါပဲ။ တခါတခါ အိမ်ကိုတောင် ပြန်မလာချင်လောက်အောင်ကို ပြဿနာက တဖြည်းဖြည်းကြီးလာခဲ့ပါတယ် ဗျာ။ ကျွန်တော်ကလည်း ဒါတောင် ဆက်ဆက်ပြီး အမေ မကြိုက်တာတွေကို လုပ်ဖြစ်နေပါသေးတယ် ဗျ။ အဲ့ဒီကာလတွေက ကျွန်တော် ညနေပိုင်းလိုလို ဧရာဝတီမြစ် ကမ်းနဘူးမှာ နေမင်းကြီး ၀င်သွားတာကို ထိုင်ကြည့်ပြီးတော့မှ အိမ်ကိုပြန်ပြန်လာတတ်တယ် ဗျာ။ ဒါကလည်း ကျွန်တော် စိတ်သက်သာရာ ရမလားလို့ လုပ်မိတယ်ထင်ပါရဲ့။ ဒီလိုနဲ့  စာမေးပွဲကြီးက တဖြည်းဖြည်း နဲ့ နီးလာလေရဲ့။ ကျွန်တော် နောက်တစ်နှစ်တော့ ထပ်မဖြေချင်ပါဘူး။ နေလည်း မနေနိုင်ပါဘူးလေ။ ဒါပေမယ့် ကျွန်တော် စာတွေလည်း ဘာမှကို မသိ ၊ နားမလည်သေး။ ဇန်န၀ါရီလ ကလည်းရောက်နေပြီ။ အိမ်မှာက အစ်မတွေကပါ ကျွန်တော့ကို မကြည်ကြတော့ဘူး။ မေမေကိုလည်း စိတ်ဆင်းရဲမှုတွေ မပေးချင်တော့ သလို ကျွန်တော်ကလည်း စာကို မလုပ်ရင်မဖြစ်တော့ဘူးဆိုတဲ့ အသိတရားလေး တစ်ခုရရှိခဲ့တယ်ဆိုပါတော့။ အချိန်ကတော့ အတော်လေးကို နောက်ကျနေလေပြီ ဟုထင်မိပါသည်။ ဒါနဲ့ပဲ ကျွန်တော်လည်းကျွန်တော့ဆရာမအိမ်မှာ ညပါအိပ်ပြီးတော့ စာကိုလုပ်မိပါတော့တယ်။ အဲ့ဒီတုန်းက မေမေကို စိတ်ဆင်းရဲမှုတွေ ပေးခဲ့မိတာတွေကို လုံးဝကိုနောင်တရမိနေဆဲပါ။ အဲ့ဒီတုန်းက မေမေ ကျွန်တော့ အပေါ် ရည်မှန်းထားတာလေးတွေကို ကျွန်တော်ကိုင်တိုင်ပဲ ရိုက်ချိုးပစ်လိုက်ပါလားဆိုတာကို တွေးမိတိုင်းပေါ့ဗျာ။ တကယ်လည်း မေမေ့ အတွက် ကျွန်တော် သူ့ရည်မှန်းချက်ထား သလို ဖြစ်အောင်လုပ်မပေးနိုင်ခဲ့ပါဘူး။ ကျွန်တော် နောင်တရပြီးစိတ်မကောင်းဖြစ်မိပါတယ်။ မေမေ့ စိတ်ထဲမှာဆို ပိုဆိုးလိမ့်မယ်ထင်ပါတယ် ဗျာ။ ကျွန်တော့ ကို  မေမေ စိတ်ဆိုးလွန်းလို့ “နင့်ကိုငါဒီလိုမှန်းသိရင် အသက်ရှင်အောင်မလုပ်ခဲ့ပါဘူး” လို့ တစ်ခါပြောဖူးပါတယ်။ ဒါကလည်း အကြောင်းရှိပါတယ်။ ကျွန်တော်က မွေးစက ကိုယ်အလေးချိန် ၉ပေါင်ခွဲ ရှိပါတယ်လေ။ ကျွန်တော် မမွေးခင်ကဆို အမွှာလေး မွေးမယ်လို့ထင်နေကြတာ ဗျ။အဲဒီတုန်းက ခေတ်ကလည်း မမှီ နေတာကလည်း တောမြို့လေးဆိုတော့ မသိကြဘူးပေါ့ ဗျာ။ ဖြစ်ပုံက ကျွန်တော့ ကို မွေးမွေးခြင်းမှာ ကျွန်တော့ လည်ပင်းမှာ ချက်ကြိုးက ပတ်လျှက်သားနဲ့ မွေးလာတာတဲ့လေ။ ဒီတော့ မွေးရခက်ခဲ့ တယ်ပေါ့ ဗျာ။ ပြီးတော့ တခြားကလေးတွေလို သမားရိုးကျမဟုတ်ဘဲ အသက်က မရှူလို့ မနည်း အသက်ရှူအောင်လုပ်ရသေးတယ်လို့ မေမေက ပြောပြဖူးပါတယ်။ ပြီးတော့ ကျွန်တော် အသက် ၁ နှစ်ခွဲ လောက်မှာ ဆေးရုံတက်ခဲ့ရ သေးတယ်။ ကျွန်တော့ကိုပြောပြဖူးပေမယ် ဘာကြောင့်လည်းတော့ ကျွန်တော်လည်း မမှတ်မိတော့ပါဘူး။ အဲ့ဒီတုန်းကလည်း သေလုမျောပါးပါပဲတဲ့ ဗျာ။ ဒီတော့ အဲ့ဒီလောက်တောင် သူမ ရင်မောခဲ့ရတဲ့ ကျွန်တော့ ကို စိတ်ဆိုးလို့ ပြောတာကတော့ ပြောသင့်ပါတယ်လို့ ထင်ပါတယ် ဗျာ။ ပြီးတော့ ကျွန်တော် ကျောင်းဆက်တက်တော့လည်း မေမေက ကျွန်တော့ကို ကျောင်းထဲ အထိလိုက်ပို့ပေးခဲ့ပါတယ်။ အဲ့ဒီတုန်းက မေမေ ကျွန်တော့ကို ကျောင်းထဲထားသွားခဲ့ပြီးပြန်သွားတော့ စိတ်ထဲ ဘယ်လိုကြီး ဖြစ်မှန်းကို မသိပါဘူး ဗျာ။ ဒါကလည်း ပထမဆုံး အိမ်နဲ့ ခွဲရတဲ့ အတွေ့အကြုံလေးပါ ဗျာ။ ကျွန်တော် ပထမနှစ်တုန်းကဆို မိုးတွေရွာတဲ့ နေတွေဆို အမေနဲ့ အိမ်ကို လွမ်းလို့ မျက်ရည်ကျမိတဲ့ အထိကိုဖြစ်ဖူးပါတယ်။ ဘော်ဒါတို့တော့ ဘယ်လိုဖြစ်ကြသလဲ မသိဘူး ဗျာ။ မေမေက အိမ်မှာ စိတ်ညစ်စရာ တစ်ခုကြုံနေရရင် ကျွန်တော့ ကို ဖုံးကွယ်ထားလေ့ရှိပါတယ်။ ဒါကလည်း ကျွန်တော် စိတ်ညစ်ပြီး ကျောင်းစာတွေ မလုပ်နိုင်မှာ စိုးလို့ ပါတဲ့။ ကျွန်တော့ကို တော်တော် ချစ်တဲ့ မေမေပါ။ ကျွန်တော် ဘွဲ့ယူတော့ ဖေဖေ နဲ့ မေမေ ( ၂ ) ယောက်လုံးလာကြပါတယ်။ မေမေ့ ရဲ့ ကျွန်တော့ အပေါ် ဖုံးကွယ် ထားတတ်တဲ့ အကျင့်လေးကြောင့် ကျွန်တော်တို့ စိတ်ညစ်ခဲ့ရပါသေးတယ်။ ဒါတွေလည်း ကျွန်တော့ ဘ၀ရဲ့ အမှတ်တရတွေပါဗျာ။ နောက်တော်တော်ကြာမှ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော် သိလိုက်ရတော့ တအားကို  စိတ်နေလို့ ကိုမကောင်းတော့ပါဘူး ခင်ဗျာ။ ကျွန်တော်ကို စိတ်မချမ်းမသာဖြစ်မှာကို အလွန်စိုးရိမ်တတ်တဲ့ မေမေပါ။ ဘ၀မှာလေ ကျွန်တော့ ပထမဆုံးသော လုပ်အားခလေးကို မေမေ့ကို ကန်တော့နိုင်ခဲ့တာတော့ တကယ့်ကို အရသာထူးပါပဲ ဗျာ။ အခုဆို ကျွန်တော်လည်း ဇာတိမြေကိုမရောက်တာ အတော်လေးကိုကြာခဲ့ပါပြီ။ ရောက်သွားတော့လည်း ဧည့်သည် တစ်ယောက်လိုဖြစ်နေပါပြီ ဗျာ။ မေမေ ကတော့ ကျွန်တော် ရှိတဲ့ နေရာကို အရောက်လာလေ့ရှိပါတယ် ခင်ဗျာ။ သူကတော့ ဘယ်လောက်ပဲ ဝေးဝေး ရောက်အောင်လာတတ်တဲ့ ကျွန်တော့ မေမေပါ။ ကျွန်တော် တစ်ပတ် ကို အနည်းဆုံး တစ်ကြိမ်တော့ မေမေနဲ့ ဖုန်းပြောဖြစ်ပါတယ်။ ကျွန်တော် စိတ်တွေ ညစ်နေတဲ့ အခါမှာ မေမေနဲ့ ဖုန်းပြောလိုက်ရရင် စိတ်တွေ လေ လိုပေါ့ပါးသွား ပြီးအရာရာ ကိုအောင်နိုင်ရမယ့် မေမေ့သာဆိုတဲ့ စိတ်တွေ ပုံမှန်ပြန်ဖြစ်ပေါ်လာတယ်ပေါ့ ဗျာ။မေမေ ကကျွန်တော့ကို လောကကြီးမှာ လူဝင်ဆန့်စေတယ်။ ရဲရင့်စေပါတယ်။ ကျွန်တော့ကို အကြံဥာဏ်ကောင်းတွေ ပေးပြီးလမ်းပြလေ့ရှိတဲ့ ကျွန်တော့ စိတ်ဓာတ်တွေကို အမြဲ အားရှိနေအောင် စီမံနိုင်တဲ့ ကျွန်တော့ မေမေ ပါ။ ကျွန်တော်တို့ မြတ်စွာဘုရားရှင်တောင်မှ မယ်တော် အား အမေ့ ကျေးဇူးဆပ်ခဲ့တာ နို့တစ်လုံး ဖိုးသာကျေခဲ့ပါတယ်လို့ဆိုထားကြပါတယ်။ ကျွန်တော်တို့လို သာမန်လူတွေ အနေနဲ့ဆိုဘယ်လိုလုပ် ဆပ်လို့ကုန်တော့မလဲနော်။ ကျွန်တော်တို့ တစ်တွေ မိခင် ကျေးဇူးကို ဘယ်လိုမှဆပ်လို့ကိုကုန်နိုင်ကြမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လုပ်နိုင်တာ တစ်ခုတော့ရှိပါတယ်။ ကျွန်တော်တော့ ဆုံးဖြတ်ချက်ချထားလိုက်ပါတယ်။ မေမေစိတ်မချမ်းမသာ မဖြစ်အောင် တစ်သက်လုံး နေထိုင်သွားတော့မယ်ဆိုပါတော့ ဗျာ။

Feb
15

အလွမ်းရဲ့အလွန်

Posted by NayMyo

“ဘယ်ဆီကို မင်း ရောက်နေမလဲ….ဘာတွေကို မင်း လုပ်နေမလဲ ဘယ်သူနဲ့ မင်း ရှိနေမယ်….တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့ ပြန်စဉ်းစားရင်းနဲ့ သတိရပါတယ်…..ဘာတွေကို မင်း လုပ်နေမလဲ ဘယ်သူနဲ့ မင်း ရှိနေမယ် တွေးမိပါတယ်….ပြန်လွမ်းမောရင်းနဲ့ ပြန်စဉ်းစားရင်းနဲ့ တစ်ခါတလေ ငါ သတိရပါတယ်” ဆိုတဲ့ ကို လေးဖြူရဲ့ စာမျက်နှာ ၁၅ သီချင်းလေးကို ကြားလိုက်ရတော့ ငယ်ငယ်က ချစ်ခဲ့ ရတဲ့ ကောင်မလေးကို သတိရတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။

(၉)တန်း ပထမဆုံးစတက်တဲ့ နေ့ လေး ပေါ့။ အတန်းထဲကို ကျောင်းသူအသစ်လေး တစ်ယောက် ပြောင်းလာတယ်။ ကောင်မလေးက အသားဖြူဖြူ အရပ်မြင့်မြင့် လေး နဲ့ ချစ်စရာတော့ အကောင်းသား  ဗျ။ အတန်းပိုင် ဆရာမ က သူ့ကို တစ်ခန်းလုံး နဲ့ မိတ်ဆက်ပေးပါတယ်။ ကျွန်တော့ စိတ်ထဲမှာတော့ အမှတ်တမဲ့ပါပဲ။ နာမည်လေးကိုတော့ မှတ်ထားလိုက်မိတယ်…. ” နှင်းဖြူ “တဲ့။ နှစ်စဆိုတော့ အတန်းထဲမှာ အသင်း (၄)သင်းခွဲ ပါတယ်။ ကျွန်တော် ဘုရင့်နောင် အသင်းခေါင်းဆောင် လုပ်ရတယ် ဗျ။ ( လိမ္မာပြီးတော့ စာကြိုးစားတာကိုး ) ကိုယ့်ကို ကိုယ်တော့ မြှောက်ထားမှ။ တိုက်ဆိုင်ချင်တာလား ၊ ရင်ကွဲ ချင်တာလားတော့ မသိဘူး ဗျာ။ ကျောင်းသူ အသစ်ကလေးက ကျွန်တော့ အသင်းသူလေး ဖြစ်နေပါတယ်။ အသင်းမှာ ယောက်ျားလေး တွေက သောက်ရေအိုးရေဖြည့် ၊ မိန်းကလေး တွေကတော့ ဘုရားပန်းလဲ ၊ တံမြက်စည်း လှဲ ပေါ့။ တစ်ခြားတာဝန်တွေလည်း ပါတာပေါ့ ဗျာ။

ကျွန်တော်တို့ အသင်းတာဝန်ကျတဲ့နေ့ ပေါ့။ အဲ့ဒီနေ့ က ကျွန်တော် ကျောင်းကို စောစောရောက်လာခဲ့တယ်။ ကျောင်းသူအသစ်လေးက လည်း ၀ီရိယ ကောင်း ပြီး ကျောင်းကို ဘုရားပန်းတွေ ကိုင်ပြီးတော့ ရောက်လာခဲ့ပါတယ်။ ကျွန်တော် အခု ထိ မှတ်မိနေသေးတယ်။ သူ့ လက်ထဲမှာ သစ္စာပန်းတွေ ပေါ့။ ဒါနဲ့ ကျွန်တော်လည်း ဘုရားပန်းအိုးတွေကို ဘုရားစင်ပေါ်က နေ သူပန်းလဲ လို့ရအောင် ယူပေးခဲ့ပါတယ်။ ကံကောင်းတာလားတော့ မသိဘူး အခန်းထဲကို တခြားကျောင်းသား ၊ ကျောင်းသူတွေ တစ်ယောက်မှ မရောက်ကြသေးဘူး။ ဒီလိုနဲ့ပဲ ကျွန်တော်လည်း သူ့ကို အစအဆုံး ကူညီပြီး ဘုရားပန်းအိုးတွေကို ဘုရားပန်းလဲ မယ့်နေရာအထိကို သူနဲ့ အတူယှဉ်လျှောက်ပြီးတော့ လိုက်ပို့ပေးခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်သင်းရနံ့လေးတွေကို အခုထိကို မှတ်မိနေဆဲပါပဲ။ ဘုရားပန်းလဲ ရင်းနဲ့ သူနဲ့ ကျွန်တော် စကားတွေ ပြောဖြစ်ခဲ့ပါတယ်။ သူက အရမ်းကို ခင်ဖို့ကောင်းတော့ ကျွန်တော်လည်း သူ့ကို တအားကို ခင် မိသွားတယ်။ ဒီလိုနဲ့ ကျွန်တော်နဲ့သူ တအားကို ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။

(၉) တန်း အထိ ကျွန်တော် ရည်းစားထား ရတာကို စိတ်မ၀င်စားခဲ့သေးဘူး။ နှင်းဖြူက ချစ်စရာကောင်းတာတော့ သိပါတယ်။ ကျွန်တော် သူမရောက်ခင်က ကျောင်းသွားရင်တစ်ယောက်ထဲ သွားနေကြ။

ဒီနှစ်တော့ နှင်းဖြူကို စောင့် ခေါ်ပြီးမှ ကျောင်းကို သွားတတ်လာတယ်။ တခြားကျောင်းသားတွေက နှင်းဖြူကို စကျ နောက်ကျရင် ကျွန်တော်စိတ်ဆိုးတတ်လာတယ်။ သူကလည်း ကျွန်တော့ကို အရမ်းကို ခင်ပါတယ်။  ကျွန်တော်က ကျောင်းကို လေ နေ့လည်စာအတွက် ထမင်းဘူး ထည့်လေ့ မရှိဘူး ဗျ။ မုန့် ပဲ ၀ယ်စားဖြစ်တယ်။ နှင်းဖြူကတော့ ထမင်းဘူး ပါတယ်။ နေ့လည် ကျောင်းဆင်းချိန်ဆို သူက ကျွန်တော့ကို သူ့ ထမင်း ဘူး ကို တစ်ဝက်ခွဲ ကျွေးတယ်။ ကျွန်တော်လည်း အစကတော့ လုံးဝကို မစားတာ။ သူများတွေ ကျွေးတာကို စားတတ်တဲ့ အကျင့် မရှိတာလဲ ပါတာပေါ့ ဗျာ။ ဒါပေမယ့် နှင်းဖြူက သူကျွေးတာကို ကျွန်တော်မစားတော့ တအားကို စိတ်ဆိုးတာ။ ဒါနဲ့ ကျွန်တော်လည်း နောက်တော့ သူကျွေးတဲ့ ထမင်းတွေကို စားဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူနဲ့ ကျွန်တော် အခင်အမင်တွေ ပိုလို့လာပါတော့တယ်။

(၉) တန်းပြီးလို့ (၁၀) တန်းရောက်တော့လည်း သူနဲ့ ကျွန်တော် အတွဲ မပျက်ခဲ့ပါဘူး။ (၁၀) တန်း နှစ်မှာကျွန်တော် သူ့ကို ချစ်နေမှန်းသိလာခဲ့ပါတယ်။ ဒါပေမယ့် (၁၀) တန်း စာမေးပွဲ တွေ ပြီးမှ သူ့ကို ပြောဖို့ ကျွန်တော် ဆုံးဖြတ်ပစ်လိုက်တယ်။ ဒီလိုနဲ့ ကျွန်တော် နှင့် နှင်းဖြူ သူငယ်ချင်းမက ရည်းစားမကျ ဖြတ်သန်းလာခဲ့ကြတယ်။ တစ်နေ့ တော့ သူနဲ့ ကျွန်တော် ညနေပိုင်း မုန့်စားပြီးပြန်လာတဲ့ အခါ လမ်းမှာ ရပ်ကွက်ထဲက ကောင်လေး (၃) ယောက် နှင်းဖြူကို နှောင့်ယှက် ကြတယ်။ သူတို့ နဲ့ ကျွန်တော် ရန်ဖြစ်ခဲ့ကြတယ်။ ရန်ဖြစ်ကြတော့ နှင်းဖြူက ရပ်ကွက်ကို အကူအညီ တောင်းတော့ ဟို (၃) ယောက်လည်း ထွက်ပြေးသွားကြတယ်။ (၃) ယောက် (၁) ယောက်ဆိုတော့ ကျွန်တော် ခံလိုက်ရတယ်။ အဲ့ဒီတုန်းက ကျွန်တော့ ခေါင်းမှာ ဒဏ်ရာရသွားခဲ့ပါတယ်။ ကျွန်တော့ကို ဂရုဏာ မျက်ဝန်းလေးနဲ့ ကြည့်နေတဲ့ နှင်ဖြူ ကို အခုထိ မြင်ယောင်နေဆဲ ပါပဲ။

ဒီလိုနဲ့ (၁၀) တန်း စာမေးပွဲတွေ ဖြေခဲ့ ကြတယ်။ စာမေးပွဲရဲ့ နောက်ဆုံးနေ့ပေါ့…. ကျွန်တော် ဖြေပြီးတော့ နှင်းဖြူကို ကျောင်းတံခါးဝ ကနေထိုင်စောင့်နေခဲ့ပါတယ်။ သူလည်း ဖြေပြီးလို့ ကျောင်းက နေထွက်လာပြီး ကျွန်တော့ကို မြင်တာနဲ့ သူကျွန်တော့ အနားကို ရောက်လာတယ်။ ” နင်ဖြေနိုင်လား ” တဲ့  သူက မေးပါတယ်။ ” အေး ငါ အရင်နေ့တွေက အတိုင်းပဲ ဖြေနိုင်တယ် ဟ ” ” နင်ရော ဖြေနိုင်လား ” လို့ ကျွန်တော် ပြန်မေးလိုက်တယ်။ ” သူက အေး ဖြေနိုင်တယ် ” လို့  ပြန်ဖြေတယ်။ ” ဒါဆို ငါတို့ နှစ်ယောက်လုံးအောင်ပြီပေါ့ ” လို့ ကျွန်တော် သူ့ကို ပြန်ပြောလိုက်တယ်။ သူနဲ့ ကျွန်တော် အတူတူ ပြန်လာခဲ့တယ်။  လမ်းတစ်ဝက်ရောက်တော့ ကျွန်တော်က ” နင့်ကို ငါ အရေးကြီး စကား ပြောစရာရှိတယ် ” လို့ သူ့ကို ပြောတော့ သူက ” ပြောလေတဲ့ ” ကျွန်တော်ပြောမယ့် စကားကို သူကြိုသိနေသလိုပဲ။ ကျွန်တော်လည်း ကြောက်ကြောက်လန့်လန့် နဲ့ ပဲ ” နင့်ကို ငါချစ်တယ် နှင်းဖြူ ” လို့ ပြောလိုက်တော့ သူက မအံ့သြ ပါဘူး ” ငါသိသားပဲ ” တဲ့လို့ သူက ပြန်ပြောတယ်။ ” ဒါဆို နင်ငါ့ကို ချစ်လားလို့ ” မေးတော့ သူက မဖြေဘူး။ ” ည ကျရင် ဖုန်းဆက်လိုက် ” လို့ ပြောပြီးတော့ သူ ကျွန်တော့ အရှေ့က ထွက်သွားတယ်။ ညရောက်တော့ ကျွန်တော် လူကြီး အလစ်မှာ သူ့ဆီကို ဖုန်းဆက် ဖြစ်တယ်။ ဖုန်းထဲက နေ ကျွန်တော် သူ့ကို ထပ်မေးလိုက်တယ်။ ” နင် ငါ့ကို ချစ်လား နှင်းဖြူ ရယ် ” လို့ မေးတော့ ” ဖြေစရာလိုသေးလို့လား … ချစ်တာပေါ့ ဇာနည် ရယ် ” လို့ သူဖြေရှာတယ်။ အဲ့ဒီည က ကျွန်တော်ပျော်လွန်းလို့ တစ်ညလုံးကို အိပ်လို့ မရတော့ဘဲ သူ့ အကြောင်းလေးတွေကို ထိုင်တွေးနေမိတယ်။ ဒီလိုနဲ့ သူနဲ့ ကျွန်တော် ချစ်သူတွေ ဖြစ်ခဲ့ကြတယ်ပေါ့ ဗျာ။ နှစ်ဖက် မိဘတွေ တစ်ယောက်မှမသိလိုက်ကြဘူး။

(၁၀) တန်း အောင်စာရင်းတွေ ထွက်တဲ့ နေ့ကို ရောက်လာတယ်။ သူက ဂုဏ်ထူး (၃) ဘာသာ ပါတယ်။ ကျွန်တော်က တော့ ဘာမှကို ပါမလာဘူး။ အောင်ရုံပဲ ပေါ့။ ဒါပေမယ့် သူကတော့ သူဝါသနာပါတဲ့ engineer ကြီး ဖြစ်ဖို့ GTC ကို တက်မယ်လို့ ပြောတယ်။ ကျွန်တော်က တော့ တက္ကသိုလ် မှာ ရိုးရိုး မေဂျာ တစ်ခု ယူပြီးတော့ တက်တော့မယ်လို့ ပြောလိုက်တယ်။ အောင်စာရင်း ထွက်ပြီး (၁) လ လောက်ကြာတော့ ကျွန်တော့ မိဘတွေ တစ်ခြားမြို့ တစ်မြို့ ကို ပြောင်းရလို့ မိဘတွေ နဲ့ အတူ ပါသွားခဲ့တယ်။ ကျွန်တော် သွားရတော့မယ်ဆိုတာကို သိသိခြင်း သူ့ကို သွားပြောဖြစ်တယ်။ သူနဲ့ ကျွန်တော် မျက်ရည်စ ကိုယ်စီနဲ့ တစ်သက်မခွဲကြေးလို့ ကတိတွေ ထားခဲ့ကြတယ်။ ဒီလိုနဲ့ ပြောင်းလိုက်ရတဲ့ မြို့လေးက နေပဲ ချစ်ရတဲ့ နှင်းဖြူလေးကို လွမ်းနေခဲ့ရတယ်။ ကျွန်တော် ဖုန်းတွေ ဆက်တယ် ၊ စာတွေ ရေးတယ်။ သူလည်း ကျွန်တော့လိုပဲ ပေါ့။ အရမ်းချစ် ကြတာကိုး။

တစ်နေ့ တော့ သင်္ဘော လိုက်ပြီးတော့ ပြန်လာတဲ့ ကျွန်တော့ အစ်ကိုဝမ်းကွဲ တစ်ယောက် အိမ်ကို လာလည်တယ်။ သူက အဆင်ပြေနေတော့ ကျွန်တော် သူ့ကို အားကျလို့ သင်္ဘောလိုက်ဖို့ အိမ်ကိုပြောတော့ မိဘတွေက သဘောတူပေးခဲ့ကြတယ်။ အဲ့ဒီမှာ ကျွန်တော့ကို သဘောမတူနိုင်တဲ့သူ တစ်ယောက်ကို မတိုင်ပင်ခဲ့မိဘူး။ ကျွန်တော်က အရမ်းကို သွားချင်နေတာကိုး။ ကျွန်တော် ဆုံးဖြတ်ထားခဲ့တဲ့ အတိုင်း သွားခါနီးမှ သိပ်ချစ်ရတဲ့ နှင်းဖြူကို ပြောပြလိုက်တယ်။ သူကျွန်တော့ကို တအားကို စိတ်ဆိုးသွားခဲ့တယ်။ သူ့ကို မတိုင်ပင်ပဲ ဆုံးဖြတ်လိုက်လို့ ဆိုပြီးတော့။ သူတအားကို ငိုတယ်။ သူ့ကို ချစ်ရင် မသွားရဘူး ၊ သူ သဘော မတူဘူးလို့ ကျွန်တော့ကို တားတယ်။ ကျွန်တော် သူ့ကို အရမ်းကို ချစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က လည်း ဆုံးဖြတ်ချက်ကို မပြင်နိုင်ခဲ့ဘူး။ ပြန်လာရင် ငါတို့ လက်ထပ်ကြမယ် လို့ သူ့ကို ပြောတော့ နင်ပြန်လာရင် ငါ့ကို ဘယ်တော့ မှ မတွေ့စေရတော့ဘူးလို့ ကျွန်တော့ ကို ပြောခဲ့တယ်။ အဲ့ဒီတုန်းက တော့ ကျွန်တော် တကယ်ဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး။

ဒီလို့နဲ့ (၃) နှစ်ကြာတော့ မြန်မာပြည်ကို ပြန်ရောက်ခဲ့တယ်။ သူနဲ့ ဝေးနေတဲ့ ကာလတွေ မှာ သူ့ကို ပဲ သတိရနေခဲ့တာပါ။ ပြန်ရောက်ရောက်ချင်း ကျွန်တော် သူ့ဆီကို အရင်ဆုံးဖုန်းဆက်တယ်။ ဒါပေမယ့် သူတို့ မိသားစု တစ်စုလုံးပြောင်းသွားမှန်းကို သိလိုက်ရတယ်။ ဘယ်လိုမှကို စုံစမ်းလို့ ကို မရခဲ့ပါဘူး။ နောက် (၂) နှစ်ကြာပြီးတဲ့ အချိန်မှာ တောင်ပေါ်မြို့လေး တစ်မြို့ကို ကျွန်တော်အပန်းဖြေခရီး
ထွက်ခဲ့တယ်။ တစ်နေ့မှာ ကျွန်တော် တည်းခိုတဲ့ နေရာလေးနဲ့ မနီးမဝေး က ရှမ်းခေါက်ဆွဲဆိုင်လေး မှာ ခေါက်ဆွဲစားနေတုန်း ခေါက်ဆွဲ မှာနေတဲ့ အသံလေး တစ်ခုကို ကြားလိုက်ရတယ်။ အဲ့ဒီအသံလေးက ကျွန်တော့ နားထဲမှာ အမြဲတမ်း ရင်းနှီး နေတဲ့ အသံလေးနဲ့ တအားကိုတူနေလို့ ကျွန်တော် ခဏအတွင်းပဲ နှင်းဖြူ ကို သတိရပြီးတော့ သူများဖြစ်နေမလားလို့ လှည့်ကြည့်မိလိုက်တော့ ဘယ်လိုမှ မထင်မှတ်ထားတဲ့ နေရာမှာ ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူးရယ်လို့ ထင်မှတ်ထားခဲ့တဲ့ သူ့ကို တွေ့လိုက်ရတယ်။ ကျွန်တော် ရင်ထဲမှာ လှိုက်တက်လာပြီးတော့ တဒင်္ဂ လောကကြီးနဲ့ အဆက်ပြတ်သွားခဲ့တယ်။ ကျွန်တော်လေ သူ့ကို နှုတ်မဆက်မိဘဲ ငေးကြည့်နေခဲ့မိတယ်။ သူ့ကို လူတွေ ကြားထဲမှာ နှုတ်ဆက်လိုက်တော့ သူလေ မထင်မှတ်ပဲ ကျွန်တော့ကို တွေ့လိုက်ရတဲ့အတွက် အရမ်းကို ပျော်သွားခဲ့တာကို သူ့ မျက်ဝန်းတွေ ထဲမှာ ကျွန်တော် တွေ့လိုက်ရတယ်။ ဒါပေမယ့် ခဏပါ… သူ့မျက်ဝန်းတွေ ထဲမှာ ၀မ်းနည်း တဲ့ အရိပ်အရောင်တွေကို မမျှော်လင့်ပဲ တွေ့လိုက်ရပြန်တယ်။
သူဘာကြောင့် အဲ့လိုဖြစ်သွားရတယ်ဆိုတာကို ကျွန်တော် မတွေးမိလိုက်ဘူး။ ပြီးတော့ သူ့အိမ်ကို တစ်ခါတည်း အလည်လိုက်ခဲ့ဖို့ ခေါ်တာနဲ့ ကျွန်တော်လည်း လိုက်သွားမိတယ်။

သူ့ အိမ်ကို ရောက်တော့ အိမ်ထဲမှာ အမျိုးသား တစ်ဦးနဲ့ (၂) နှစ်သား အရွယ် ကလေးငယ်တစ်ဦး ဆော့ကစားနေတာကို တွေ့လိုက်ရတယ်။ အဲ့ဒီအချိန်မှာ နှင်းဖြူက အမျိုးသားနဲ့ ကလေးငယ်ကို လှမ်းခေါ်ပြီးတော့ အဲ့ဒီအမျိုးသားကို သူက  “အကိုရေ… ဒီမှာ ညီမရဲ့ ငယ်သူငယ်ချင်း” ၊ ကျွန်တော့ကို “ဇာနည်… ဒါငါ့ အမျိုးသား လေ” လို့ ပြောပြီး တလက်စတည်း ကလေးငယ်ကို ပွေ့ပြီးတော့ “ဒါ င့ါသား လေ” လို့ ကျွန်တော့ကို မိတ်ဆက်ပေးလိုက်တဲ့ အချိန် ကျွန်တော် ရင်ထဲမှာ ဆို့နင့်သွားခဲ့ရတယ်။ အဲ့ဒီအချိန်တွေမှာ ဘာဆက်လုပ်ရမှန်းကို မသိတော့လောက်အောင်ကို တွေဝေသွားခဲ့တယ်။ ကျွန်တော် သူ့ကိုလေ တစ်ချိန်လုံးကို လွမ်းနေခဲ့ရတာ။အခုတော့ ကျွန်တော် လမ်းတွေပျောက်ဆုံး သွားခဲ့ပြီဆိုတာကို မမျှော်လင့်ဘဲ သိလိုက်ရတော့ ဘယ်လိုမှကို ခံနိုင်ရည်မရှိတော့ဘူး။
သူ့ရှေ့မှာ ဘယ်လိုအင်အားတွေနဲ့ ကျွန်တော်ဆက်နေရမှာလဲ ဗျာ။ပြီးတော့ ကျွန်တော် ချက်ချင်းကို သူတို့ အရှေ့ကနေ အငွေ့ပျံ ပျောက်ကွယ်သွားချင်လောက်အောင်ကို ဖြစ်ခဲ့ ရတယ်။ ရှေ့ဆက်ဖို့ လမ်းမရှိတော့တဲ့ ကျွန်တော် သူတို့ကို ဟန်ဆောင်ပြီးတော့ စကားတွေ ပြောနေမယ့် အစား သူတို့ကို နှုတ်ဆက်ပြီး အမြန်ဆုံး ထွက်လာခဲ့မိတယ်။ ကျွန်တော် နောက် ဒီမြို့လေးကို ဘယ်တော့မှ ပြန်မလာတော့ ဘူးလို့ ချက်ချင်းကို ဆုံးဖြတ် ပစ်လိုက်တယ်။

ဒါပေမယ့်  အပေါ်ကပြောခဲ့တဲ့ ကိုလေးဖြူ သီချင်းထဲကလိုပဲ ” အပေါ်ယံ ရှပ်ထိသော ဒဏ်ရာ မဟုတ်တော့… လွယ်ကူ စွာနဲ့ ငါမေ့ မရဘူးပေါ့ ” ဆိုတဲ့ စာသားလေး အတိုင်းပဲ ကျွန်တော်လေ…. ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို မေ့လို့ကို မရခဲ့ပါဘူး။ ” တစ်ခါတလေ တိုက်ဆိုင်မှုတွေ …. ရှိလာတော့လည်း…. အမှတ်တမဲ့ မင်းကို လွမ်းပါတယ် ” ဆိုတဲ့အတိုင်း ပေါ့။ ဒါပေမယ့် သူ့ကို လွမ်းတဲ့ ကျွန်တော့ရဲ့ အလွမ်းတွေဟာ အခုတော့ အလွမ်းရဲ့ အလွန် တစ်နေရာကပေါ့ ဗျာ…………..။

ကျွန်တော့ အရင်းနှီးဆုံး မိတ်ဆွေ တစ်ဦးရဲ့ ရင်တွင်းဖြစ်ခံစားချက်လေးတွေကို တင်ပြထားတာပါ။ “ချစ်တိုင်းလည်း ညားပြီး ၊ ညားတိုင်းလည်း ချစ်နိုင်ကြပါစေလို့” ကျွန်တော် နေမျိုး က ဆုတောင်းပေးလိုက်ပါတယ်။ အားလုံးကို လေးစားလျှက်………

Feb
12

ချစ်သူများနေ့ နှင့် ပတ်သက်၍

Posted by NayMyo

- ” ချစ်သူများနေ့တဲ့ “  ခုခေတ်လူငယ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ နေ့ တစ်နေ့ ပေါ့…..
- ချစ်သူတွေ ရှိတဲ့ သူတွေ အတွက် ဖန်တီး သတ်မှတ်ထားပေးတဲ့ နေ့လေး တစ်နေ့ ပေါ့…..
- ကျွန်တော့ကို သိပ်ချစ်တဲ့ ကောင်မလေးက တစ်နေရာမှာလေ…..
- သူမကို သိပ်ချစ်တဲ့ ကျွန်တော်ကလည်း သူနဲ့ အဝေးဆုံးနေရာကို ရောက်နေလေရဲ့…..
- အဲ့ဒီနေ့ဟာ ချစ်သူတိုင်းအတူတူ ဖြတ်ကျော်ချင်ကြတဲ့ နေ့လေးတစ်နေ့ပေါ့…..
- ကျွန်တော်တို့လည်း ဖြတ်သန်းချင်တာပေါ့ ဗျာ…..
- သူမတစ်ယောက်တည်းလေ ကျွန်တော့ကို လွမ်းလို့ သေတော့မယ်တဲ့…..
- ကျွန်တော့ကိုလေ ကိုကို ရေ ပြန်လာပါတော့တဲ့ ဗျာ…..
- သူမ တစ်ယောက်တည်း ဒီချစ်သူများနေ့မှာ ဘယ်လိုများနေရမလဲ တဲ့ ဗျာ…..
- ကိုကို မြန်မြန် ပြန်ပြန်လာပါတော့ တဲ့ ဗျာ…..
- ကျွန်တော့ကို သူမက အဲ့ဒီလို ပြောလာတော့ လေ ကျွန်တော်ချက်ချင်းကို သူမရှိတဲ့ နေရာကို အရောက်သွားချင်လိုက်တာ ဗျာ…..
- သူမကို တအားကို ချစ်တာပေါ့ ဗျာ   အခုတော့  တစ်ယောက်နဲ့ တစ်ယောက် အလွမ်းကိုယ်စီနဲ့ပေါ့ နော်…..
- ဒါပေမယ့် ကျွန်တော်လည်း ကိုယ့်အကြောင်းနဲ့ကိုယ်လေ ကျွန်တော်ကို က မအားလို့ကိုဖြစ်နေတာပါ…..
- သူမ လည်း တစ်ခြားအတွဲလေးတွေကို မြင်ရင်တော့ ကျွန်တော့ကို  ဘယ်လောက်များ သတိရနေလိုက်မလဲနော်လို့ တွေးတောမိပါတယ်…..
- ကျွန်တော်လေ သူမရဲ့ ချစ်စရာ့ အသွင်လေးတွေကို ပြန်မြင်ယောင်မိတယ် ဗျာ…..
- တီတီတာတာ အမူအရာလေးတွေနဲ့ ကျွန်တော့  အပေါ် ကလေးဆိုးလေး ဆိုးတတ်တဲ့ ကောင်မလေး ဗျ…..
- သူ့ကို မလှဘူးလို့ ပြောရင် တအားကို စိတ်ဆိုးတတ်တယ်…..
- ကျွန်တော်ကလည်း ဒါလေးကိုပဲ ခဏခဏ စနောက်မိတယ်…..
- ဘာကြောင့်လဲ ဆိုတော့ သူမကို ချော့ ရတာလေးကိုမှ ကျွန်တော်ကလည်း ကျေနပ်တယ် ၊ ပျော်ရွှင်မိတာ ကိုးဗျ…..
- ကျွန်တော်က တအားကို ချစ်မိနေတာကိုး…..
- တခါတခါ သူမ မျက်နှာလေးကို ထိုင်ကြည့်နေမိတယ် ဗျာ…..
- သူမ မျက်နှာပေါ်မှာ ဖြတ်ပြေးနေတဲ့ အချစ်ရိပ်လေးတွေကို ကြည့်နေရတာ တစ်သက်မမေ့ နိုင်စရာပါပဲ…..
- သူမ ပြုံးလိုက်တိုင်း ပန်းကလေးတွေတောင် ငိုရတယ်ဆိုပါတော့ ဗျာ…..
- ကျွန်တော့ အပေါ် နားလည်မှုရှိပြီး ၊ အလိုက်သိလိုက်ပုံများကတော့ တကယ့်ကို အနှိုင်းမဲ့ပါပဲ ဗျာ…..
- ချစ်သူတွေ အတွက်တော့ ဘယ်လောက်ပဲ ချစ်ချစ် တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုရှိနေဖို့က အရေးကြီးဆုံးလို့ ထင်မြင်မိပါတယ်…..
- ဒါမှလဲ ချစ်သူဘ၀ ကို အေးအေးချမ်းချမ်း နဲ့ ဖြတ်သန်းနိုင်ပေမှာပေါ့…..
- ကျွန်တော် လေ သူမအပေါ် နားလည်မှုတွေ အပြည့်အ၀ပြန်ပေးမိပါတယ်…..
- ဘာဖြစ်လို့လဲ ဆိုတော့ သူမက ကျွန်တော့ အပေါ် သိပ်ကိုချစ်တဲ့ ကောင်မလေးဖြစ်နေလို့ပါပဲ…..
- သူမ စိတ်ထိခိုက်မည့် ကိစ္စ တွေဆို ကျွန်တော် ရှောင်တယ်…..
- သူကလည်း ကျွန်တော် မကြိုက်တာတွေကို မလုပ်တတ်ဘူး…..
- ချစ်သူတွေဆိုတော့ သူမက တခါတခါ စိတ်ကောက် ပြတယ်လေ…..
- ကျွန်တော် သိတာပေါ့   အချော့ခံချင်လို့ လုပ်နေတာ…. ဟဲဟဲ ဘယ်ရမလဲ…..
- တခါတခါ ကျွန်တော်လည်း မချော့ဘဲ သူမထက်ပိုဆိုးတတ်တယ် ဗျ…..
- သူမ နဲ့ ကျွန်တော် ချစ်သူတွေဖြစ်ခဲ့ပြီးတော့ ဆိုင်ကယ်လေးတစ်စီးနဲ့ အတူလျှောက်လည်ကြတယ်ပေါ့ ဗျာ…..
- လည်ပတ်လို့ ကောင်းတဲ့ နေရာ အတော်များများကိုပေါ့ ဗျာ…..
- သူမက ကျွန်တော့် ခါးကို ဖက်ပြီးတော့ နောက်ကလိုက်တယ်ပေါ့ ဗျာ…..
- အဲ့ဒီတုန်းကဆို ကျွန်တော်တို့အတွဲကို လမ်းကလူတွေက တအံတသြ ပဲ…..
- ကိုးရီးယားမင်းသား ဂျွန်စောနဲ့ ဘယ်က ပဲပြုပ်သည်မလေး လဲဆိုပြီးတော့လေ..ဟီးဟီး
- ဒါလည်း သူမက အမှတ်ကိုမရှိဘူး သိလား ကျွန်တော်နဲ့ သွားရတာကို တအားကိုပျော်နေလေရဲ့…..
- သူမ ကလေ ကျွန်တော့ကို အဲ့ဒီလောက်ထိကို ချစ်ရှာတာ ဗျ…..
- အဲဒီတော့ ကျွန်တော်ကလည်း သူ့မကို အားနာပါးနာ နဲ့ ပေါ့ နော်…… ဟဲဟဲ
- ” အင်း… ဟိုတွေးဒီတွေးနဲ့ ဗျာ မနက်ဖန်တောင် ဖေဖော်ဝါရီ (၁၄) ရောက်တော့မယ်ဗျာ ” ကျွန်တော် စိတ်ထဲက ရေရွတ်မိလိုက်ပါတယ်…..
- မနက်ရောက်တော့လေ ကျွန်တော့ဆီကိုဖုန်းလာတယ်…..
- ကျွန်တော်လည်း ညက အိပ်ရေးပျက်ထားတော့ ကမန်းကတန်း ဖုန်းကိုင်လိုက်ပြီးတော့ အိပ်ချင်မူးတူးနဲ့ပေါ့…..
- ကျွန်တော့ ချစ်သက်လေးဆီကလေ ” ကိုကို ချစ်……. ဆိုင်က စောင့်နေမယ် … ကိုကို လိုက်လာခဲ့ ” တဲ့ ဖုန်းကို ချသွားတယ်…..
- ကျွန်တော်လည်း ရှယ်ရှိုင်းတာပေါ့ ဘယ်ရမလဲ သိတယ်မလား ချစ်သူနဲ့ လျှောက်လည်မယ်ဆိုတော့လေ…..
- ဆိုင်ရောက်တော့ သူမကလည်း အလှပဆုံး အ၀တ်အစားလေးတွေနဲ့ လှချင်တိုင်းကိုလှနေလေရဲ့…..
- သူနဲ့ ကျွန်တော် ဆိုင်က စထွက်တော့ အရင်ဆုံး မဟာမုနိ ဘုရာကြီးကို အရင်ဆုံးသွားကြတယ်…..
- ဘုရားဖူးပြီးတော့ ချစ်သူ (၂) ယောက် ဆုတွေတောင်းကြတယ်ပေါ့ ဗျာ ( ဘာညာကွိကွ ပေါ့ )…..
- ပြီးတော့ ကျွန်တော်တို့  ဦးပိန်တံတား ဘက်ကို ချီတက်ကြတယ်…..
- လမ်းမှာလည်း ချစ်သူအတွဲတွေ ဟု ထင်ရတဲ့ စုံတွဲတွေကိုတွေ့နေရတယ် ဗျ…..
- ဒီလိုနဲ့ တံတားကိုရောက်တော့ (၂) ယောက်သား တံတားပေါ်က အရိပ်ရတဲ့ နေရာက ခုံတန်းလေး တစ်ခုပေါ်ထိုင်ဖြစ်ကြတယ်လေ…..
- တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လို့ကို မ၀နိုင်ဘူး ဖြစ်နေကြတယ် ဗျာ…..
- အချစ်စိတ်တွေ ကလည်း ထိန်းမနိုင်သိမ်းမရ နဲ့ပေါ့ ကျွန်တော် သူမကို ပွေ့ဖက်ထားပစ်လိုက်တယ်…..
- ပြီးတော့ သူမရဲ့ နဖူးလေး အပေါ် အနမ်းတစ်ပွင့် ချွေချပစ်လိုက်တယ်….. ပြီးတော့ ….. ပြီးတော့……
- အဲ့ဒီအချိန်မှာ ” ဟိတ်ကောင် ” ဆိုတဲ့ အသံဆိုးကြီး ကိုကြားလိုက်ရပြီးတော့ ကျွန်တော်လန့်နှိုးသွားတယ် … သူငယ်ချင်းက ” မင်းနောက်ကျနေပြီ မြန်မြန်လုပ်တဲ့ ” ……
- ဟာ ဟုတ်ပါသည်… ကျွန်တော် တအားကို အတွေးလွန်ပြီးတော့ အိပ်မက်တွေမက်နေတာပါလား ဆိုတာကို သိလိုက်ရတယ် ဗျာ…..
- ကျွန်တော့ အိပ်မက်လေးလည်း ဘယ်ကို ပျောက်ကွယ်သွားလဲ ကိုမသိလိုက်ဘူး…..
- ဘာပဲဖြစ်ဖြစ် ကျွန်တော်လေ သူနဲ့ အတူတူ အိပ်မက်ထဲမှာ လျှောက်လည်လိုက်ရတာတွေကို ပြန်တွေးမိပြီးတော့ ကျေနပ်ပြီးတော့ ပြုံးလိုက်မိပါတယ်…..
- အပြင်မှာသာဆို ကျွန်တော်ဘယ်လောက်တောင် ပျော်လိုက်မလဲ နော်… သူမလည်း ဒီလိုဖြစ်မှာပဲ လို့ ယူဆမိပါတယ်…..
- အခုတော့ ကျွန်တော်က သူမအနားမှာ အဖော်မပြုပေး နိုင်သေးပါဘူး…..
- ဒါပေမယ့်… သိပ်ချစ်ရတဲ့ ကောင်မလေးကို ကျွန်တော်ပြောချင်တာလေး ကတော့ ” တမူထူးပါတဲ့ နတ်မိမယ်လေး ရယ်… ချစ်သူများနေ့ဆိုတာလေ ဒီတစ်နှစ်တည်း နဲ့ ပြီးသွားမှာမှ မဟုတ်တာကွာ ” ………..။

Feb
08

ဘောလုံးသမားလေး ကျွန်တော်(၂)

Posted by NayMyo

- တက္ကသိုလ်ကျောင်းသားဘ၀ ကို (၅)နှစ်ဖြတ်သန်းခဲ့ပါတယ်…..
- first year ဘ၀ကတော့ သိပ်မကစားဖြစ်ခဲ့ပါဘူး…..
- အားတဲ့ အချိန်လေးတွေမှာတော့ အမြဲကစားလေ့ ရှိပါတယ်…..
- second year ရောက်တော့ ကစားမည့်သူတွေကိုစာရင်းလိုက်ကောက်တယ်လေ…..
- လူက သိပ်မရှိဘူး ၊ ပွဲကလည်း နီးနေတော့ စာရွက်ပေါ်မှာပဲ ရွေးလိုက်တယ်…..
- ကျွန်တော်လည်း ဘယ်ရမလဲ ကစားတဲ့သူနည်းတဲ့ အလယ်တန်းညာ အစွန်နေရာကို ရွေးလိုက်ပြီးတော့ စာရင်းပေးလိုက်တာပေါ့…..
- ထူးချွန်ပုံ ကတော့ ပထမတစ်ပွဲ ပဲ အချိန်ပြည့် ကစားလိုက်ရပြီး နောက်ပွဲတွေ အရံခုံ ရောက်သွားပါလေရော…..
- ပထမဆုံးပွဲ အတွေ့အကြုံ ကတော့ အတော်ကို စိတ်လှုပ်ရှားစရာကောင်းပါပေတယ် ဗျာ…..
- third year ဘ၀ ရောက်တော့ လည်း အရံ ဘ၀က ကို မတက်သေးပါဘူး ဗျာ….
- ဒါပေမယ့် ကျွန်တော်တို့ နှစ်တူ တွေ အချင်းချင်း (၄) သင်းပတ်လည်ပွဲ လေး တစ်ပွဲတော့ ဖန်တီးဖြစ်လိုက်သေးတယ်…..
- ကစားပုံကတော့ ပတ်လည်ကစားပြီး အမှတ်အများဆုံး (၂)သင်း ဗိုလ်လု ရတဲ့ စနစ်လေးနဲ့ပေါ့ဗျာ…..
- ကျွန်တော်တို့ အသင်း အဲ့ဒီနှစ်က မအောင်မြင်လိုက်ဘူး ဗျာ…..
- fourth year ရောက်တော့ ကျွန်တ်ေလည်း ၀င်ကစားရလာလို့ ပျော်ရွှင် မိခဲ့ပါသေးတယ်….
- ပြီးတော့ ပြီးခဲ့တဲ့ နှစ်တွေ ကလိုပဲ (၄) သင်းပွဲလေး မှာလည်း အောင်မြင်မှုရ ခဲ့တာတော့ ပျော်စရာလေး တစ်ခုပါပဲ…..
- ပြိုင်ဘက် အသင်း (၃) သင်းလုံးကိုပတ်လည်အဆင့်မှာ ခက်ခက်ခဲခဲကို ဖြတ်ကျော်ခဲ့ရပါတယ်…..
- ရလဒ် ကတော့ (၁)ပွဲ နိုင် ၊ (၂)ပွဲ သရေနဲ့ နောက်ဆုံး ဗိုလ်လုခဲ့တာပေါ့…..
- ဗိုလ်လုပွဲမှာ ကျွန်တော်တို့ က ပြိုင်ဘက်တွေကို ၆း၂ နဲ့ ကို အပြတ်အသတ် အနိုင်ယူပစ်လိုက်တယ်လေ…..
- ချိုမြိန်လိုက်တဲ့ အရသာပေါ့ဗျာ…..
- ကမ္ဘာ့ ဖလားရတဲ့ နိုင်ငံတွေဆို ဘယ်လောက်များပျော်လိုက်မလဲ မသိဘူးနော်…..
- final year ရောက်တော့ ကိုယ်တွေက ကျောင်းသားကြီးတွေ ဆိုတော့ ပွဲတွေမှာ ၀င်မကစားဖြစ်တော့ပါဘူး…..
- အငယ်တွေကိုပဲ မွေးပြီး ပြုစုပျိုးထောင်ပေးဖြစ်ပါတယ်…..
- သူတို့ ကိုပဲ ပေးကစားဖြစ်ပါတယ်လေ…..
- အားတဲ့ အချိန်တိုင်းတော့ အမြဲကစားဖြစ်ခဲ့ပါတယ်…..
- ကျောင်းပြီးတဲ့ နောက်ပိုင်းတော့ ကျွန်တော်လည်း သိပ်မကစားဖြစ်တော့ပါဘူး
- ကိုယ့် အလုပ်နဲ့ ကိုယ်ဆိုတော့ အချိန်ကမရ ၊ ရတော့လည်း စိတ်က အရင်လောက်မပါတော့တာနဲ့ သိပ်ကစားဖြစ်တော့ဘူး ဗျာ…..
- ဒါပေမယ့် ဒီအားကစား နဲ့ ပတ်သတ်လာလျှင် အခုထိ ရင်ခုန်နေဆဲပါပဲ ဗျာ………။

Feb
08

ဘောလုံးသမားလေး ကျွန်တော် (၁)

Posted by NayMyo

- ကျွန်တော် အားကစားနည်းတော်တော်များများကို ၀ါသနာအရ ကစားလေ့ရှိပါတယ်…..
- ဘောလုံး ၊ ခြင်းလုံး ၊ စားပွဲတင် တင်းနစ် စသည်ဖြင့် ပေါ့ ဗျာ…..
- အားလုံးကို ဟိုဟိုစပ်စပ် ဒီစပ်စပ် ဆိုတော့ ထူးချွန်တဲ့ ကစားသမား တစ်ယောက်တော့ ဖြစ်မလာခဲ့ပါဘူး…..
- ကျွန်တော် အကြိုက်ဆုံး ကတော့ ဘေလုံးကစားနည်းကိုပါပဲ…..
- ကျွန်တော် ကဘယ်လောက်များ ၀ါသနာကြီးလွန်းတော့ မေမေက ကျွန်တော့ကိုပြောပြဖူးပါတယ်…..
- ” နင်က လမ်းလျှောက်တတ်စကတည်းက ဘောလုံးကို ကန်တာ ” လို့ တော့ ပြောဖူးပါတော့ မှတ်မိပါသေးတယ်…..
- ကျွန်တော် မှတ်မိသလောက်တော့ သူငယ်တန်းလောက် ကတည်းက ကျောင်းက ဘောလုံးကွင်းထဲ မှာဝင်ကစားဖြစ်ပါတယ်…..
- အဲ့ဒီတုန်းက ကျွန်တော်တို့ ကျောင်းမှာက နေ့လည်ကျောင်းဆင်းချန်မှာ ကွင်းထဲ၌ ဘောလုံးတစ်လုံးကို ကျောင်းသားကြီးငယ် မှန်သမျှ ၀ါသနာပါသူတိုင်း ၀င်ကစားလေ့ရှိပါတယ်…..
- ကျွန်တော်က သူငယ်တန်း အရွယ်နဲ့ ၀င်ကစားတယ်ဆိုတော့ ၀င်သာကစားနေတယ် ဘောလုံးတော့ ကောင်းကောင်းကို မထိဖူးလိုက်ပါဘူး…..
- ကျွန်တော် စကစားခဲ့တာ အဲ့ဒီအရွယ်ကတည်းကပါလို့ ဆိုလိုချင်တာပါ…..
- ဒါပေမယ့် အခုချိန်ထိ မထူးချွန်တာတော့ စဉ်းစားစရာပဲ ( ပါရမီ မပါဘူးထင်ပါရဲ့… အဟဲ )…..
- ၇ တန်းတုန်း ကလည်း ကျောင်းလူရွေးပွဲမှာ စာရင်းပေးလိုက်ပြီးတော့ ၀င်အရွေးခံခဲ့ပါသေးတယ်…..
- အားရပါးရပါပဲ စရွေးကတည်းက အရပ်ပု ၊ လူကောင်သေးလို့ တန်းစီလိုက်ကတည်းက အပယ်ခံလိုက်ရတယ်လေ…..
- ၈ တန်းလောက်ရောက်တော့ ကျွန်တော့ သူငယ်ချင်းတွေ ဖွဲ့ထားတဲ့ football shadow ဆိုတဲ့ အသင်းလေးမှာ တခါတလေတော့ ၀င်ကစားဖူးပါတယ်…..
- ကျွန်တော်က အဲ့ဒီ အသင်း ၀င် တစ်ယောက်တော့ မဟုတ်ပါဘူး…..
- ၉ တန်း နှစ်ကတုန်း ကတော့ တော်တော်လေးကို ကစားဖြစ်ပါတယ်…..
- အဲ့ဒီနှစ်က ကျွန်တော်တို့ ကျောင်းမှာ ၉ တန်း က တန်းခွဲ ( ၈ ) ခန်းရှိတယ်လေ…..
- ကျွန်တော်တို့ အခန်းတွေ အချင်းချင်း ချိန်းပြီးတော့ ကစားဖြစ်ကြပါတယ်…..
- ကျွန်တော်တို့ အသင်းကတော့ ကစားတဲ့သူ က များများစားစား မရှိခဲ့ ပါဘူး…..
- အားလုံး စုလိုက်မှ (၁၂) ယောက်ပဲ ရှိပါတယ်…..
- အဲ့ဒီတုန်းက ကျွန်တော်က နောက်တန်းညာအစွန်နေရာက ကစားပါတယ်…..
- တခါတလေ ဧည့်သည် ကစားသမား အဖြစ် ” စိုးမိုး ” က ကျွန်တော်တို့နဲ့ အတူအားဖြည့် ကစားပေးပါတယ်( သူက တော့ ထ(၃) ကပါ )…..
- ကျွန်တော်တို့ စကစားတဲ့ နေ့မှာ ကျောင်းလက်ရွေးစင် တစ်ချို့ပါတဲ့ (H)ခန်း ကို ၄း၃ နဲ့ ကို အနိုင်ယူပစ်လိုက်ပါတယ်…..
- ပွဲ အစက တော့ ဂိုးပြတ်နေပြီး မှ ကျွန်တော်တို့ ဘက်က လူအင်အားနည်းလို့ ဂိုးက မပြတ်ဖြစ်သွားပါတယ်…..
- အဲ့ဒီတုန်းက တစ်ပွဲကို မုန့်ဖိုး ၅၀၀ ကြေး ကစားကြတယ်လေ…..
- တစ်ယောက်ကို ၅၀ စီထည့်ပြီးမှ ကစားကြတာပေါ့…..
- ကျွန်တော်တို့ ပွဲတိုင်းလိုလို နိုင်ပြီး ၊ သရေ (၁)ပွဲ ၊ အရှုံး (၁)ပွဲ နဲ့ အတော်ကို အောင်မြင်ခဲ့သေးတာကို မြင်ယောင်နေမိတုန်းပါပဲ…..
- နိုင်သမျှတွေကို စုဆောင်းထားလိုက်ကြပြီး ကျောင်းတစ်နှစ်ကုန် နှုတ်ဆက်ပွဲလုပ်တဲ့နေ့မှာ Heaven ဆိုတဲ့ ဆိုင်တဲ့ဆိုင်လေးမှာ မုန့်ဝယ်စားလိုက်ရတာတော့ မေ့မရတဲ့ လုပ်ဆောင်မှုလေးပါပဲ…..
- အဲ့ဒီတုန်းက မုန့်စားပြီးပိုတဲ့ငွေ ကို ထီးထိုးဖြစ်လိုက်သေး ဗျ…..
- ဒါပေမယ့် ထီတော့ မပေါက်ခဲ့ပါဘူး (အဟဲ)…..
- ၁၀ တန်း ရောက်တော့ သူငယ်ချင်း တော်တော်များများက မကစားဖြစ်ကြတော့ဘူးလေ…..
- ကျွန်တော်က တော့ ကစားကောင်းနေဆဲပါပဲ…..
- နောက်နေ့ စာမေးပွဲရှိတာတောင် ဘောလုံးသွားကစားလို့ မေမေ ဆူဆဲတာကိုတောင်ခံခဲ့ရသေးပါတယ်…..
- ကျောင်းလူရွေးပွဲမှာ ၀င်အရွေးခံခဲ့သေးတယ်…..
- ဘောလုံးသွားကစားလို့ ဆရာမက ကျွန်တော့ကို စိတ်ဆိုးပြီးတော့ စာသင်ခန်းထဲကို ပေးမ၀င်ခဲ့တာတော့ မှတ်မှတ်ရရပါပဲ…..
- ဘောလုံးမြင်လျှင် ကန်ချင်တဲ့ စိတ်တွေထိန်းမနိုင် သိမ်းမရဖြစ်တတ်တာတော့ ကျွန်တော်ပါပဲ…..
- အဲ့ဒီလောက်ထိ ကျွန်တော် ဒီအားကစားအပေါ် ခုန်မင်ခဲ့မိတယ်ဆိုပါတော့……………..။

Feb
08

အွန်လိုင်းပေါ်က ဆန့်ကျင်ဘက်

Posted by NayMyo

- ခေတ်ကိုက ကမ္ဘာကြီးကို ရွာကြီးအဖြစ် အသက်သွင်းနေကြတဲ့ ခေတ်…..
- အားလုံး မျက်စိဖွင့် ၊ နားစွံ့ နေကြတယ် ယောက်ျား ၊ မိန်းမ သိပ်ခွဲမနေတော့တဲ့ခေတ်…..
- အဲ့ဒီလိုခေတ်ရေစီးကြောင်းက ပြောင်းလဲ လာတော့ လူတွေလည်း အဲ့ဒီရေစီးကြောင်းသံစဉ်လေးတွေ နဲ့ အညီ စည်းချက်ညီအောင် ကနေကြတယ်ပေါ့ ဗျာ…..
- အဲ့ဒီနောက်ကွယ်မှာ အင်တာနက်ဆိုတာကြီးပေါ်ပေါက်လာတော့တာပေါ့…..
- အခုတော့ အွန်လိုင်းပေါ်တက်လိုက်တာနဲ့ ဘယ်လောက်ပင်ဝေးနေပါစေ လူချင်းမထိတွေ့ နိုင်ရုံကလွဲလို့ မြင်နိုင် ၊ ကြားနိုင် ၊ စကားတွေပြောဆိုနိုင်ကြတဲ့ အထိကိုဖြစ်နေပါပြီလေ…..
- အွန်လိုင်းလောကကြီးက ဝေးကွာနေတဲ့ ဆွေမျိုးသားချင်း မိသားစုတွေ ၊ ချစ်သူတွေကို အနေမဝေးအောင်ဖန်တီးပေးနေသလို ချစ်သူမိတ်ဆွေတွေဖြစ်အောင်လည်း ဖန်တီးပေးနေလေရဲ့…..
- တစ်ခုကျန်ခဲ့လို့ အသည်းတွေကိုလည်း တခါတရံ ကွဲစေတယ်ပေါ့ ဗျာ…..
- ချစ်ခြင်းမေတ္တာဆိုတာကိုတော့ ဘယ်သက်ရှိသတ္တ၀ါကမှ လွန်ဆန်နိုင်ကြမယ် မထင်ပါဘူး…..
- ကျွန်တော် အွန်လိုင်းပေါ်က ပုံပြင်လေးတစ်ခုကို သရုပ်ဖော်ချင်မိလို့ပါ…..
- ကျွန်တော်က အွန်လိုင်းလောကကို မှုသားတွေ နဲ့ အလှဆင်ထားတယ် လို့များပြောလိုက်ရင်တော့ လွန်ရာမကြလောက်ပါဘူးနော်…..
- မှုသား ပန်းပွင့်လေးတွေနဲ့တန်ဆာဆင်ယဉ်ထားတဲ့ အွန်လိုင်းလောကကို မြို့ရောက် တောသားကောင်လေး တစ်ယောက် မယောင်မလည်နဲ့ ရောက်လာတာက စတာပေါ့ဗျာ…..
- သူကတော့ အပြစ်ကင်းစင်တဲ့ ကလေးလေး လိုပဲ အဖြူထည်လေးနဲ့ မအူမလည်လေးပေါ့ ဗျာ…..
- သူလည်း အရင်ရောက်နေတဲ့ ကောင်လေးတွေလိုပဲ လိုက်လုပ်မိခဲ့တယ်ဆိုပါတော့ ဗျာ…..
- ကောင်လေးတွေက ကောင်မလေးတွေကို ပိုးပန်းကျတာ လူရယ်လို့ဖြစ်ပေါ်လာစကတည်းကဆိုတော့ မထူးဆန်းတဲ့ဖြစ်ရပ်လေးပါ…..
- သူလည်း အချစ်ကို လိုက်ရှာမိတယ်ဆိုပါတော့ ဗျာ…..
- တစ်နေ့တော့ သူ ကောင်မလေး တစ်ယောက်နဲ့ အမှတ်မထင် ဆုံစည်းတွေရရှိသွားခဲ့လေရဲ့…..
- သူတို့ နှစ်ယောက် မိတ်ဆွေဖွဲ့ခဲ့ကြပြီး ရင်းနှီးမှုတွေ အတော်အတန်ရသွားကြတယ်လေ…..
- ထုံးစံအတိုင်း နောက်တော့ ကောင်လေးဘက်က သိပ်မရိုးသား ချင်တော့ဘူးပေါ ဗျာ…..
- အချိန်တွေက ကြာလာတော့လည်းလေ ကောင်လေးဘက်က အဆင့်တက်ချင်စိတ်တွေ အပြည့်နဲ့ ပေါ့…..
- ကောင်မလေး နဲ့ တွေ့ဖို့ အမြဲလိုလို ကြိုးစားလေရဲ့…..
- အွန်လိုင်းမှာ တွေ့တိုင်း စကားစတွေ မပြတ်သလို ၊ အော့ဖ်လိုင်း မက်ဆေ့စ် လေးတွေလည်း မကြာခဏ ပို့ဖြစ်တယ်ပေါ့ ဗျာ…..
- ကြာလာတော့ ကောင်မလေးလည်း ကောင်လေး သူ့ကို စိတ်ဝင်စားနေပါလား ဆိုတာကို သိရှိသွားလေရဲ့…..
- ဒီနောက်တော့ ကောင်လေးရော ကောင်မလေးကပါ အပြန်အလှန် သတိရတဲ့အကြောင်း ၊ လွမ်းတဲ့ အကြောင်းတွေကို ပြောမိကြတဲ့ အကြိမ်ပေါင်း မနည်းခဲဘူးလေ……
- အချိန်က တန်လာတော့ ကောင်လေးက ဖွင့်ပြောလိုက်လေရဲ့…..
- ဒီလိုနဲ့ သူတို့ နှစ်ယောက် အွန်းလိုင်းပေါ်က သိပ်ချစ်ကြတဲ့ ချစ်သူတွေ ဖြစ်သွားကြတယ် ဗျ…..
- သူတို့ မိုးမမြင် လေမမြင် ရက်ရက်စက်စက် ကို ချစ်ခဲ့ကြတယ်ပေါ့ ဗျာ…..
( အွန်လိုင်းပေါ်မှာဆိုတော့ ဘာဘာညာညာတော့ မပါဘူးပေါ့နော်  ဟီဟိ )
- အိပ်မက်တွေကို ပုံဖော်ပစ်မယ်လို့ ကောင်လေးက အချိန်တိုင်းကို တွေးတော နေလေရဲ့…..
- ဘယ်အချိန် မုန်တိုင်းက ကျမယ်ဆိုတာကိုတော့ သူမသိလိုက်ရှာဘူးလေ…..
- ကံဆိုးတာက ကောင်မလေးဟာ မှုသားပန်းကို လှလှကြီးဆင်ထားတဲ့ အသည်းစားမင်းသမီးလေး ဖြစ်နေတာကို သူမသိလိုက်တာပဲ…..
- အချိန်တန်တော့ ကောင်မလေးလည်း သူ့လုပ်နေကြ အတိုင်း ရက်ရက်စက်စက်ကို ခြံခုန်သွားလေရဲ့…..
- အဲ့ဒီအချိန်မှာ ဘာမှပြင်ဆင်ချိန်မရလိုက်ရှာတဲ့ ကောင်လေး ရင်ကွဲပက်လက် စိတ်မကောင်းဖြစ်စွာနဲ့ ကျန်ခဲ့လေရဲ့…..
- သူ့ရဲ့ အဖြူထည်လေးတွေလည်း ပေကျန် ကုန်ပြီလေ…..
- အိပ်မက်တွေကိုမှ အသက်သွင်းချင်တဲ့ ကောင်လေးတစ်ယောက်တော့ သူ့ မျှော်လင့်ချက်တွေ ဖျက်ဆီးခံလိုက်ရလေရဲ့…..
- အဲ့ဒီထက်ဆိုးတာက သူ့ရဲ့ ပေကျန်ကုန်တဲ့ အဖြူထည်လေးတွေက အကောင်းအတိုင်းပြန်ဖြစ်မလာနိုင်တော့ဘူးဆိုတာပဲ ဗျာ…..
- အားလုံးက ဒီလောကမှာ ပေါ့ပေါ့ ပါးပါးလေး ခံစား ကျင်လည်နေကြတယ်ဆိုတာကို ကောင်လေးတစ်ယောက်မသိလိုက်ရှာတာလည်းပါတာပေါ့ ဗျာ…..
- ကောင်မလေးဘက်ကလည်း အကြောင်းပြချက်လေး တစ်ခုလောက်တော့ ရှိလိမ့်ဦးမယ်ထင်ပါတယ်…..
- ဒါပေမယ့် လောကသားတွေ အားလုံးဟာ ခံစားချက်ကိုယ်စီနဲ့ အသက်ရှင်နေကြတော့ ကောင်လေး မှန်သလား ၊ ကောင်မလေး မှားသလား ဆိုတာကိုတော့ ဘော်ဒါတို့ ၀ိုင်းဝန်း စဉ်းစားဝေဖန်ပေးကြပါဦးနော်…..
- ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ရက်တော့ပါဘူး ဗျာ…..
-အရေးအသား မကောင်းခြင်းကို ခွင့်လွှတ်ပေးစေချင်ပါတယ် ခင်ဗျား…………………။

Feb
01

ကျောင်းပျော်လေးရဲ့ မှတ်တမ်းပါ

Posted by NayMyo

ဒါကတော့ …..
-တကယ့် အဖြစ်အပျက်လေးပေါ့ …အဲ့လိုပြောလိုက်လို့ အရင်ကရေးထားတာကို တော့ တမျိုးမထင်ကြပါနဲ့နော်….
-အရင်အပုဒ်ကလဲ ကိုယ်တွေ့ ဇာတ်လမ်းလေးပဲလေ… ဟီးဟီး ထင်မှာစိုးလို့ ကြိုပြောထားတာပါ… မှတ်မှတ်ရရ ပါပဲ….
-ကျွန်တော် က တော သား ပါ…. ကျွန်တော့ ကို မေမေ က အဲ့ဒီမှာပဲ မွေးတယ်…
-ကျွန်တော့ ကျောင်းက တောမြို့လေး မှ အ.ထ.က(၁) ပါ… အမေ ကလည်း အဲ့ဒီကျောင်းမှာပဲ ဆရာမ ပေါ့…
-အိမ်နဲ့ကျောင်းက လည်း သိပ်မဝေး လှပါ… ကျွန်တော် ပထမဆုံး ကျောင်းကို သွားတော့ မေမေ နဲ့ပေါ့…
-မေမေ က ကျွန်တော့ကို (A) ခန်းမှာနေစေချင်တယ်လေ…
-အသက် က ငယ်သာငယ်တယ် ကြိုတင် သတင်းထောက် ထားတာလေး တွေကရှိတော့ အဲ့ဒီ အခန်းကို ကျွန်တော် က မနေချင်ဘူးလေ…
-အကြောင်းက တော့ အဲ့ဒီ အခန်း က ဆရာမ ကဆိုးတာကိုး…ဟဲဟဲ ဘယ်ရမလဲ ကျွန်တော် ကလည်း အပြတ် ငို ပစ်လိုက်တာပေါ့ …. -ဒီအခန်းမှာ မနေချင်ဘူးဘာညာ ပေါ့….
-မေမေ ကလည်း ပြောမရတဲ့ အဆုံးတော့ ကျွန်တော့ ကို အခန်းပြောင်း အပ်ပေးလိုက်ရတယ်….
-ကျွန်တော် ကကျောင်းတာတက်ရတာ ကျောင်းမယ် မပျော် ဘူးလေ…
-ကျောင်း ကို မေမေ နဲ့ အတူလာတယ်… မေမေ ပြန်တာနဲ့ ကျွန်တော်လည်း အိမ်ကို တမ်းပြန်တော့ တာပဲ… ကျောင်း နဲ့ အိမ် ကနီးတယ်လေ….
-အိမ် မှာ ဖေဖေ ကတော့ ရှိပါတယ် ..ဒါပေမယ့် သူကတော့ ဘာမှမပြောရှာဘူး… ကျွန်တော် ပြန်လာလို့ ဆူလည်းမဆူ ဘူးလေ…. -နောက်တော့ ကျွန်တော် ဒီလိုပြန်ပြန်လာတာကို မေမေ ကသိသွားတော့ ကျွန်တော့ ကို နည်းမျိုး စုံ သုံးပြီးတော့ ခြောက်လန့် ခဲ့ပါသေးတယ်….
-ဒါလည်း ကျွန်တော် က ကြောက်ကို မကြောက်တာ ပြန်မြဲ ပြန်နေတော့တာ ပဲလေ…
-ဒီလိုနဲ့ တစ်နေ့တော့ ဖေဖေ့ အလုပ်က အသုံးအဆောင် တစ်ခု ကို သွားဆော့ မိတယ်လေ…. ဒီတော့ ဖေဖေ ကကျောင်းပြေးလေး ကိုတီးပါလေရော….
-အဲ့ဒီနေ့ ကစပြီးတော့ ကျွန်တော်လည်း အိမ်ပြန်လို့တော့ မဖြစ်တော့ဘူး လို့ဆုံးဖြတ်လိုက်ပါတော့တယ်… ဒါပေမယ့် ကျောင်းချိန်တွေကိုတော့ မတက်ဖြစ်ခဲ့ပါဘူး…
-မေမေကလည်း ဆရာမဆိုတော့ မေမေသင်တဲ့ အတန်းတွေဘက်ကိုက လည်း မသွားရဲ နောက်ဆုံးတော့ ကျောင်း ၀န်းထဲ မှာ ဟိုသွားလိုက် ဒီသွားလိုက်နဲ့ ပေါ့….
-ပင်လယ်ထဲ ရွှေဟင်္သာ လေးဝဲနေသလိုပေါ့…ဟဲဟဲ နားစရာမရှိ ဖြစ်နေရှာတာပေါ့….
-ကျောင်း ကမတက်တော့ စာကလည်း ဘယ်ရတော့ မလဲ ဟုတ်တယ်မလား… ကျွန်တော်လည်း စာမေးခံ ရတိုင်း ဘယ်တော့မှ မဖြေနိုင်ခဲ့ဘူးလေ…
-မေမေ က ဆရာမ ချင်း ပြောထားတော့ ကျွန်တော် လည်း စာသင်ခန်း မှာဆိုမချောင်ဘူးလေ… နောက်တော့ စာမရရင် မပြန်ရတာ တို့ ပါလာရော…
-ဒါလည်း ကျွန်တော် က မရ… နောက်တော့ သူများတွေ သာပြန်သွားတယ် ကျွန်တော် က အတန်း ကမပြန်ရ… အမြဲနောက်ကျနေတာပေါ့…
-နောက်တော့ ဆရာမ နဲ့ ကြိမ်လုံး တစ်ချောင်းက ကျွန်တော့ ဘ၀ အတွက် ပညာတွေ တတ်စေ ခဲ့တယ်ဆိုပါတော့….
-အဲ့ ဒီနောက်တော့ ကျွန်တော် ဟာ အရင်လို မဟုတ်တော့ …
-ကျွန်တော့ စိတ်ဓာတ်တွေ ဘယ်လို ပြောင်းသွားတယ် မသိ…စာ အလွန်ကြိုးစားတဲ့ ကောင်လေး တစ်ယောက်ဖြစ်လာတယ် ဆိုပါတော့…. နောက်ဆက်တွဲ ရလဒ် ကတော့ ကျောင်း မှာပျော် လာတယ်ပေါ့… အောင်မြင် မှုတွေလည်း အထိုက်သင့် သလောက် ရလာတယ်ဆို ပါတော့ …
-ဒီလိုနဲ့ ကျွန်တော့ သတင်း ဟာ ပျံ့နှံသွားလိုက်တာ ကျွန်တော် အတန်း တစ်တန်း တက်သွား တိုင်း ဆရာ၊ဆရာမ တွေ ရဲ့ မေးခြင်းကို အမြဲ ခံ ရတဲ့ ကျောင်းသားလေး တစ်ယောက်ဖြစ်လာတော့ တာပဲ….
-ဒီကောင်လေး လား ကွ …. ငယ်ငယ် က ကျောင်းမတက်ပဲ ကျောင်းဝန်းထဲ ပတ်ပတ်နေတဲ့ ကောင်လေးလား…. အော -ဒီကောင်လေးတောင် ဒီအရွယ်ရောက် လာပြီလား ဆိုပြီးတော့ လေ….
-ဒီနောက်တော့ ကျွန်တော်လည်း ကျောင်းကို ကျန်းမာရေး ချို့ယွင်းချက် ကလွဲလို့ မတက်ရရင် မနေနိုင်လောက် အောင် ကို ချစ်ခင် လာပါတော့တယ်….
-ကျောင်းမှာ တက်ရတာ ပျော်လာသလို … ကျောင်းနဲ့ ပတ်သက်တဲ့ လူမှုရေးလုပ်ငန်းလေးတွေ ပျော်ပွဲလေးတွေ ကို အားတက်သရော လုပ်ဆောင်ခဲ့ပါတော့တယ်….
-မှတ်မှတ် ရရ ပဲ ဗျာ ….
-ကျွန်တော် (၁၀)တန်း ရောက်တော့လေ ကျွန်တော့လို ကောင်လေးတစ်ယောက် ကိုတွေ့ခဲ့တယ်လေ….
-သူလည်း ကျွန်တော့ လိုပဲ အဲ့ဒီတုန်းက သူငယ်တန်း ပဲ ရှိသေးတာလေ….
-ကျွန်တော့ လိုပဲ ကျောင်း ဟောခန်း ရဲ့ အုတ်ခုံ လေးမှာ ထိုင်လိုက်…. ကျောင်း လှေခါးလေး တွေ မှာ တွေ့ရလိုက် နဲ့ လေ….
-ကျွန်တော် ကတော့ ကောင်လေးကို တွေ့တော့ အတိတ်က ကိုယ့် ဖြစ်စဉ်လေးတွေကို ပြန်မြင်ယောင် မိသလို….
-သူ့ကိုလည်း မင်းကို့ အခန်းကို ပြန်သွား ပြီးတော့ စာကိုသင် စမ်းကွာ ကောင်လေး လို့ တော့ ပြောလိုက်မိပါ….
-သူလည်း အခု ဘယ်ရောက်ပြီး ဘာတွေ ဖြစ်နေတယ်တော့ မသိပါ….
-ခုထိတော့ ကျွန်တော်လည်း ဘာမှတော့ မယ်မယ်ရရ ဖြစ်မလာသေးပါဘူး….
-ဘ၀တိုက်ပွဲ ကို အနိုင်ရဖို့ ကြိုးစား နေရဆဲပါပဲ….
-သူငယ်ချင်းတို့ ရော ဒီလို အမှတ်တရလေးတွေ ရှိဖူးလိမ့်မယ်လို့ ယုံကြည်ပါတယ်….
-အားလုံး ကို မနေ့ တနေ့ ကလိုပဲ ခံစားနေရဆဲပါ….
-အားလုံးကို လေးစားတဲ့ ….

Jan
25

ငွေလရောင်လေး ရိုက်ခတ်သွားလေတော့…..

Posted by NayMyo

- ကျွန်တော့ အချိန်တွေကို တစ်စုံတစ်ဦးအတွက် အချိန် အပိုင်းအခြားတစ်ခုထိပေးဆပ်ခဲ့ရပါတယ် ……
- သူ့ ကြောင့် ကျွန်တော် ခံစားခဲ့ရပါတယ်… ကြေကွဲခဲ့ရပါတယ်… ၀မ်းနည်းခဲ့ရပါတယ်…..
- ဒီလိုပါပဲ ကျွန်တော် အတိုင်းအတာတစ်ခု အထိ အရှုံးတွေထဲမှာ မျောလွင့်နေခဲ့မိပါတယ် ဗျာ…..
- အိပ်မက်ဆိုးတွေ အောက်ကနေ ရုန်းမထွက်နိုင်ခဲ့ဘူးလေ…..
- ဘေးလူတွေကတော့ အမျိုးမျိုး ဝေဖန်ပြောဆိုကြမှာ ပဲဆိုတာကိုတော့ သိရှိလက်ခံထားခဲ့ပါတယ်…..
- ကိုယ့်ကိုကိုယ် confidance တွေပျောက်ဆုံးသွားသလို ခံစားခဲ့ရပါတယ် ဗျာ…..
- ဒါတွေကိုတော့ အတိတ်မှာပဲ ထားလိုက်ချင်ပါတယ်…..
- ဒီနောက်ပိုင်း လူတွေနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော့ ခံစားချက်တွေ က အရင်လိုမဟုတ်တော့တာတော့ သေချာတယ် ဗျာ…..
- လောကကြီးမှာ မိမိကို ကိုယ့်မိသားစုလောက် ကိုယ်ရောစိတ်ပါ အားပေးမည့် သူတွေ မရှိသလောက်ပါပဲလေ…..
- အဲ့ဒီအချိန်မှာ အမှတ်တမဲ့ နေခဲ့တဲ့ သူတစ်ယောက်က ကျွန်တော့အတွက် စိတ်ပူပေးနေပါလားဆိုတာကို သိရှိလိုက်ရပါတယ်…..
- ဘယ်လိုမှကို မမျှော်လင့်ထားခဲ့ပါဘူး…..
( လုံးဝကို ထင်မထားခဲ့ပါဘူး )
- သူက ကျွန်တော် ခံစား ကြေကွဲ ရမှာတွေကို စိုးရိမ်တယ်…  မလိုလားဘူး ဆိုတာတွေကို သူကိုယ်တိုင် ဖွင့်ဟလာခဲ့ပါတယ်…..
- သူက ကျွန်တော့ကို မေးခွန်းလေး တစ်ခုမေးခဲ့ပါတယ်….
- အဲ့ဒီမေးခွန်း ကို ကျွန်တော် စိတ်ထဲ တကယ်ရှိနေတဲ့ အတိုင်း သူ့ ကိုပြန်အဖြေပေးခဲ့ပါတယ်…..
- မထင်မှတ်ဘဲ အမေးခံလိုက်ရတော့ ဘယ်လိုဖြေရမှန်း ၊ ဘာလုပ်ရမှန်း မသိလောက်အောင်ကို ဖြစ်သွားခဲ့ပါတယ် ဗျာ…..
- အဲ့ဒီတုန်းက ကျွန်တော်က သူ့ကို မေးခွန်းလေးတွေတောင် ပြန်မေးမိလိုက်ပါသေးတယ်…..
- ဘာလို့ အဲ့လိုမေးရတာလဲ ၊ ဘယ်လိုဖြစ်စေချင်လို့လဲ  စသည်ဖြင့်ပေါ့ ဗျာ……
- သူကတော့ ဘာမှ ပြန်မပြောတော့ဘဲ နှုတ်ဆိတ်နေလေရဲ့…..
- ဒါပေမယ့် သူ့ဆီက ခပ်ရေးရေး ပုံရိပ်တစ်ချို့ကို လှမ်းမြင်မိလိုက်သလို ခံစားခဲ့ရပါတယ် ဗျာ…..
- ကျွန်တော့ကို အဲ့ဒီလို ဘယ်သူကမှ သတိမပေးဘူးသေးတာတော့ အမှန်ပါပဲလေ…..
- ဘာပဲပြောပြော ကျွန်တော် စိတ်ထဲတော့ ကျေနပ်သွားခဲ့ပါတယ်…..
- ခြောက်သွေ့နေတဲ့ မြက်ခင်း ၊ သေလုမျောပါးဖြစ်နေတဲ့ နှလုံးသားကို ပြန်လည် လန်းဆန်းတက်ကြွလာအောင် ပြုလုပ်လိုက်လေရော့သလား…..
- လေနှင်ရာကို လွှင့်နေတဲ့ ကျွန်တော့ နှလုံးသားအတွက် ဆိုက်ကပ်ဖို့ နေရာပေးလိုက်လေရော့သလား…..
- မျှော်လင့်ခြင်းလက် ကမ်းလင့်လိုက်လေရော့သလားပေါ့ ဗျာ…..
- ဒါပေမယ့် အရာအာလုံးကို ကျွန်တော် မပိုင်ဆိုင်တာတော့ အမှန်ပါပဲ ဗျာ…..
- ဒါတွေကလည်း ကျွန်တော့ရဲ့ တစ်ဖက်သတ် ခံစားချက်တွေဖြစ်နေတာကိုး…..
- သူ့ဘက်က ဘာတွေ ဘယ်လိုဖြစ်နေပြီးတော့ ဘယ်လို သဘောသားရှိနေမယ်ဆိုတာတွေကိုတော့ ကျွန်တော်လည်း တန်ခိုးရှင်မဟုတ်လေတော့ ဘယ်လိုမှ မသိရှိနိုင်သေးဘူးဆိုပါတော့ ဗျာ…..
- အချိန်တွေကတော့ ပြောပြသွားလိမ့်မယ်လို့ ထင်မှတ်ထားလိုက်ပါတယ်…..
- ကျွန်တော် အခုဘာတွေ ဖြစ်နေမှန်းတောင်မသိတော့ဘူး ဗျာ…..
- ဘာပဲဖြစ်ဖြစ် ဗျာ…..
- ငွေလမင်းကြီးနဲ့ မဆုံဆည်းနိုင်ခဲ့တောင် အေးမြတဲ့ ငွေလရောင်လေး ကျွန်တော့ ရင်ခွင်ကို ရိုက်ခတ်သွားခဲ့တယ်ဆိုပါတော့……………………….။